အမြန်လမ်းတွင် ကား(၅)စီးဆင့်တိုက်မှုကြောင့် သေဆုံးသူ (၄)ဦးထိရှိလာ
Photo: MyoHtet
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၁၀
ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကား(၅)စီးဆင့် ယာဉ်တိုက်မှုကြောင့် သေဆုံးသူ (၄)ဦးထိ ရှိလာကြောင်း သာဂရအမြန်လမ်းမီးသတ်စခန်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဖေဖော်ဝါရီလ ၉ ရက်)၊ ည ၁၂နာရီ ၆မိနစ်အချိန်တွင် တောင်ငူမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုက်အမှတ် ၁၅၈ မိုင်၊ ၅ဖာလုံအနီး၌ မန္တလေးသို့သွားသော သစ်ဆန်း Express ကားက စစ်ဆေးရေးဂိတ်တွင် အရှိန်လွန်ကာ အခြား ယာဉ်(၄)စီးကို ဝင်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“ခုဖြစ်စဉ်မှာ ဝင်တိုက်တဲ့ သစ်ဆန်းခရီးသည်တင်ကားက ၁၁၅ မိုင်ကထွက်လာကတည်းက လမ်းမှာမှောက်မလို ဖြစ်ခဲ့သေးတယ်လို့ သိရတယ်။ အဲဒီလိုနဲ့ မောင်းလာရင်းနဲ့ ခုဖြစ်စဉ်ဖြစ်တဲ့ နေရာရောက်တော့ စစ်ဆေးရေးဂိတ်မှာ အစစ်ဆေးခံဖို့ရပ်နေတဲ့ ရှေ့ကကား(၄)စီးကို အရှိန်မထိန်းနိုင်ဖြစ်ပြီး ဝင်တိုက်မိတာပေါ့။ ဖြစ်ချင်တော့ ခိုင်မန္တလေး ခရီးသည်တင်ကားက ဆင့်တိုက်တဲ့အထဲမှာ ရှေ့ဆုံးကားဖြစ်နေတော့ ခရီးသည်တင်ကား(၂)စီးကြားထဲမှာက Toyota RAV 4 ရယ်၊ Super Custom ရယ်နဲ့ Toyota Caldina ကားလေး(၃)စီးက ညှပ်တိုက်ခံမိသလိုဖြစ်ပွားတာပါ” ဟု သာဂရအမြန်လမ်းမီးသတ် စခန်းမှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် အိမ်စီးကား(၃)စီးမှ အမျိုး သား(၂)ဦးနှင့် အမျိုးသမီး(၂)သေဆုံးသွားခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ (၆)ဦးထိ ရှိခဲ့ကြောင်း သိရသည်။
“သေဆုံးသွားက RAV 4 က (၃)ဦးပေါ့။ အဲဒီထဲမှာက အသက် (၇)နှစ်အရွယ် ကလေးမလေးတစ်ဦးပါတယ်။ နောက်ပြီး Super Custom က အမျိုးသားတစ်ဦးလည်း ပွဲချင်းပြီးဆုံးတယ်။ သူက တော့ ယာဉ်မောင်းပါ။ ထိခိုက်ဒဏ်ရာရရတာကတော့(၆)ဦးရှိပါတယ်။ ခရီးသည်တင်ကားတွေပေါ်က လူတွေကတော့ထိခိုက်ဒဏ်ရာရတာမရှိခဲ့ဘူး” ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းယာဉ်တိုက်မှုဖြစ်စဉ်အတွင်း သေဆုံးသူများနှင့် ထိခိုက်ဒဏ် ရာရရှိသူများကို တောင်ငူမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“အကြံပြုချင်တာကတော့ ခရီးတစ်ခုသွားတော့မယ်ဆိုရင် အသုံးပြုမယ့်ယာဉ်ရဲ့ အန္တရာယ်ဖြစ်စေမဲ့ အစိတ်အပိုင်းတွေကို သေချာစစ်ဆေးပြီးမှ မောင်းစေချင်တယ်။ မောင်းချင်တိုင်းမမောင်းပဲနဲ့ ကိုယ့်ယာဉ်ရဲ့ထိန်းနိုင်တဲ့ Speed အနေအထားအတိုင်း ပဲမောင်းစေချင်ပါတယ်။ ခုဖြစ်စဉ် ဖြစ်တဲ့နေရာမှာလည်း အရင်က ယာဉ်တိုက်မှုတွေ ယာဉ်မတော်တစ်ဆမှုတွေက ရှိခဲ့ဖူးတယ်” ဟု အထက်ပါတာဝန်ရှိသူ တစ်ဦးက အကြံပြုပြောထားသည်။
အလားတူ ယမန်နေ့(ဖေဖော်ဝါရီလ ၉ ရက်)တွင်လည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၇၀/၄)နှင့်(၇၀/၅)အကြားတွင် SUZUKI ERTIGA ကားတစ်စီး ကားတာယာပွင့်၍ လမ်းလယ်ကျွန်းရှိ သစ်ပင်းအားဝင်တိုက်မှုကြောင့် ယာဉ်ပေါ်ပါ လူ(၆)ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Luxury brand ဖြစ်တဲ့ Hermes က ဝန်ထမ်း (၂)သောင်းကျော်အတွက် အမေရိကန်ဒေါ်လာ ၄,၃၀၀ ဘောနပ်စ်ချီးမြှင့်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း