ကွတ်ခိုင်မြို့တွင် TNLA နှင့် ကချင်တိုင်းရင်းသားများအကြား ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် လူထုတွေ့ဆုံပွဲ ပြုလုပ်စေလိုဟုဆို
သုတကျော် (NSS) - ဖေဖော်ဝါရီ ၁ဝ
ကွတ်ခိုင်မြို့တွင် TNLA နှင့် ကချင်တိုင်းရင်းသား များအကြား ပွတ်တိုက်မှုများဖြစ်ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ အလားတူ ဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် လူထုတွေ့ဆုံပွဲ ပြုလုပ်စေလိုကြောင်း ကချင်တမန် အဖွဲ့မှတာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်က ကချင် အမျိုးသားတော်လှန် ရေးနေ့ကို ကွတ်ခိုင်မြို့တွင် ကျင်းပရန်ပြင်ဆင်နေစဉ် TNLA က တားဆီးနှောက်ယှက်ခြင်း၊ အဆိုပါနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်မြို့နေ ကချင်တိုင်းရင်းသားများက မိမိတို့ ခြံဝန်းအတွင်း ကချင်အလံကို တစ်နေ့တာ လွှင့်ထူ ထားစဉ် အထက်အမိန့်အရဟုဆိုကာ TNLA က ပိတ်ပင်ခြင်း၊ တားဆီးခြင်း၊ အလံတိုင်ကို ချိုးဖျက်၊ ဆွဲဆုတ်၊ ဖြုတ်ချ၊ ယူဆောင်သွားခြင်း နှင့် အလံ တိုင်ကို ခြေဖြင့်ကန်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ကချင်တမန်အဖွဲ့မှ ဖေဖော်ဝါရီလ ၆ ရက်က ထုတ် ပြန်ခဲ့သည့် ကန့်ကွက်စာတွင် ဖော်ပြထားသည်။
ထို့ပြင် ကွတ်ခိုင်မြို့ကိုTNLA အဖွဲ့က တိုက်ယူထားသည်ဟုပြောဆိုကာ ပြည်သူကို အာဏာရှင် ဆန်ဆန် အမိန့်ပေးဆက်ဆံခြင်း၊ "လက်သုံးချောင်း ထောင်တာလည်း ငါတို့ TNLA အောက်မှာပဲ နေရမယ်"ဟု ပြောဆိုခြင်း၊ လက်နက်မဲ့ပြည်သူများကို သေနတ်မောင်းတင်၊ ချိန်ရွယ်ခြိမ်းခြောက်ခြင်း စသည်တို့ကို ဆောင်ရွက်ခဲ့ကြောင်းလည်း စာတွင်ရေးသားထားချက်အရသိရကာ ထိုသို့ ဆောင်ရွက်ခဲ့သည့်အတွက် ကွတ်ခိုင်မြို့နေ ကချင်အမျိုးသားထု တစ်ရပ်လုံးကိုယ်စား ကွတ်ခိုင်ကချင်တမန်အဖွဲ့မှ ကန့်ကွက်ရှုတ်ချကြောင်း စာတွင် ရေးသားထားသည်။
"ကျွန်တော်တို့ ဒေသအနေနဲ့က ဦးဆောင်မယ့် သူတွေက တိုင်းရင်းသား ပေါင်းစုံရှိတဲ့အခါ အားလုံး တွေ့ဆုံဖို့ လိုတယ်။ ကျွန်တော်တို့ ဒေသမှာ အစုအဖွဲ့ လေးတွေလည်း ရှိတယ်။ အားလုံးကို တွေ့ဆုံပြီး ဘယ်လို ပါရမယ်ဆိုတာမျိုး ပြောဖို့ အရေးကြီးတယ် လို့ ယူဆပါတယ်"ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။
TNLA အနေဖြင့် ကချင်တိုင်းရင်းသားများ အပါအဝင် ကွတ်ခိုင်မြို့နယ်တွင် နေထိုင်သူ လူမျိုးစုံ နှင့်တွေ့ဆုံစေလိုသည့် သဘောထားရှိပါသလား၊ အဆိုပါ သဘောဖြစ်ပါသလားဟု NSS က ဆက်လက်မေးမြန်းခဲ့ရာ "ရှိပါတယ်။ဟုတ်ပါတယ်"ဟု ထည့်သွင်းပြောကြားသည်။
အဆိုပါ စာကို ထုတ်ပြန်ထားခဲ့သော်လည်း ဖေဖော်ဝါရီလ ၉ ရက် အထိ TNLA ဘက်မှ တစုံတရာ အကြောင်းပြန်ကြားလာခြင်း မရှိသေးကြောင်းလည်း ၎င်းကပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနိုင်ငံ၏ ပထမဆုံး ဖွဲနုဆီကြမ်းနှင့် ဆီချောပါဝင်သည့် စက်ရုံကို နေပြည်တော်၌ တည်ဆောက်မည်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ