မလေးရှားတွင် မြန်မာရေလုပ်သားတစ်ဦး ပင်လယ်အတွင်း မတော်တဆပြုတ်ကျသေဆုံးခဲ့ရာ စက်လှေ(၁၀)စီးဖြင့် အပူတပြင်းရှာဖွေနေ
ပုံစာ - မြန်မာရေလုပ်သား ပြုတ်ကျခဲ့သည့် နေရာကို တွေ့မြင်ရစဉ်
သုတကျော် (NSS) - ဖေဖော်ဝါရီ ၁ဝ
မလေးရှားတွင် မြန်မာရေလုပ်သားတစ်ဦး ပင်လယ်အတွင်း မတော်တဆ ပြုတ်ကျသေဆုံးခဲ့ရာ အလောင်းပြန်မရသေးသည့်အတွက် စက်လှေ ဆယ်စီးဖြင့် အပူတပြင်းရှာဖွေနေကြောင်း မြန်မာလူမှု ကူညီရေးအသင်း(မလေးရှား)မှ တာဝန်ရှိသူ တစ်ဦး ဖြစ်သူ ဦးစန်းဝင်းက NP News ကို ပြောသည်။
အဆိုပါ ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ ၇ ရက်က မလေးရှားနိုင်ငံ၊ ပဲရပ်ပြည်နယ်၊ ဟူတာမလင်တန်မြို့ ငါးဖမ်းဆိပ်ကမ်းသို့ အဝင်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ သေဆုံးသူသည် သက်လတ်ပိုင်းအရွယ် ကိုညီ ဆိုသူ ဖြစ်ပြီး ဖြစ်စဉ်ဖြစ်ပွားပြီးချိန်မှစတင်ကာ ယခုထက် တိုင် အလောင်းပြန်လည်ရရှိရေးအတွက် အပူတပြင်း ရှာဖွေနေခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
"အခုအချိန်က မလေးရှားက ပင်လယ်မှာ လှိုင်း က အရမ်းထနေတယ်။ ကမ်းဝင်ဖို့ ပြန်ကပ်ချိန် အနောက်ကနေ လှိုင်းရိုက်တော့ ပြုတ်ကျသွားတာပါ။ အခုချိန်အထိ အလောင်းကို ငါးဖမ်းစက်လှေ ၁၀ စီး လောက်သုံးပြီးတော့ ဆက်ရှာနေတယ်။ မတွေ့သေး ဘူး" ဟု ဦးစန်းဝင်းက ပြောသည်။
သေဆုံးသူသည် တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ရှပ်ပုန်ကျေးရွာတွင် နေထိုင်သူ ဖြစ်ပြီး မြန်မာနိုင်ငံတွင် ဇနီးနှင့် သားသမီး သုံးဦး ကျန်ရစ်ခဲ့ကြောင်းလည်း သိရသည်။ "အခုအချိန် အထိတော့ ဆက်ပြီးရှာနေတာပါ။ အင်အားသုံးပြီး တော့ ရှာနေတာပေါ့။ ဒါပေမဲ့ အလောင်းကို မတွေ့ သေးဘူး။ တွေ့မယ်လို့လည်း မျှော်လင့်ချက် ရှိပါတယ်"ဟု အလောင်းရှာရာတွင် ပါဝင်သူတစ်ဦးက ပြောသည်။
မလေးရှားနိုင်ငံက ရေလုပ်ငန်းတွင်လည်း မြန်မာလုပ်သားအများအပြား ဝင်ရောက်လုပ်ကိုင်နေ ကြကာ ပြီးခဲ့သည့် ခြောက်လအတွင်းကလည်း မြန်မာလုပ်သားတစ်ဦး အလားတူ ပင်လယ်အတွင်း ပြုတ်ကျသေဆုံးသည့် ဖြစ်စဉ် ဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကွတ်ခိုင်မြို့တွင် TNLA နှင့် ကချင်တိုင်းရင်းသားများအကြား ပွတ်တိုက်မှုများ ဖြစ်ပေါ်ခဲ့သည့် ကိစ္စနှင့်ပတ်သက်၍ အလားတူဖြစ်စဉ်မျိုး မဖြစ်ပွားစေရန် လူထုတွေ့ဆုံပွဲ ပြုလုပ်စေလိုဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း