ထိုင်းကို ပြန်လာပြီး ထောင်ဒဏ်ရင်ဆိုင်သွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြော
ဂျန်ဇက် (NP News) - မတ် ၂၅
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က မေလအတွင်းကျင်းပမယ့် ရွေးကောက်ပွဲအပြီးမှာ ထိုင်းနိုင်ငံကို ပြန်လာပြီး ထောင်ဒဏ်ရင်ဆိုင်သွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
သက်ဆင်ဟာ ၎င်းရဲ့လက်ကျန်ဘဝများကို မိသားစုနဲ့အတူ ကုန်ဆုံးနိုင်ဖို့အတွက် ထိုင်းနိုင်ငံကို ပြန်လာဖို့ စီစဉ်နေခြင်းဖြစ်ကြောင်းဆိုပါတယ်။ သက်ဆင်ဟာ ၂ဝဝ၆ ခုနှစ်မှာ အာဏာသိမ်းခံရကာ ဝန်ကြီးချုပ်ရာထူးက ဖြုတ်ချခံရပြီးနောက် ထောင်ဒဏ်ကို ရင်မဆိုင်လိုတဲ့အတွက် ၂ဝဝ၈ ခုနှစ်မှာ ပြည်ပထွက်ပြေးခဲ့သူဖြစ်ပါတယ်။
သက်ဆင်က "ကျွန်တော်ဟာ မိသားစုနဲ့အတူနေထိုင်ဖို့ တားဆီးခံထားရတယ်။ ကျွန်တော်ဟာ မိသားစုနဲ့အတူ မနေထိုင်နိုင်ခြင်းက ကြီးမားတဲ့ထောင်ဒဏ်ကျခံရသလိုမျိုးဖြစ်ခဲ့ရတယ်။ကျွန်တော်ဟာ ပြည်ပမှာ ၁၆ နှစ်ကြာ နေထိုင်ခဲ့ရတယ်။ ထောင်ဒဏ် ပြန်ရင်ဆိုင်ဖို့ စီစဉ်ထားတယ်။ ကျွန်တော့်အတွက် ထောင်ဒဏ်က နှစ်အနည်းငယ်ဆိုရင် ပိုအဆင်ပြေတယ်။ ကျွန်တော်ဟာ သားသမီးတွေ၊ မြေးတွေနဲ့အတူ လက်ကျန်ဘဝကို အတူဖြတ်သန်းကုန်ဆုံးလိုတယ်" လို့ပြောပါတယ်။
သက်ဆင်ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ် ၂ဝဝ၁ ခုနှစ်ကနေ ၂ဝဝ၆ ခုနှစ်အထိတာဝန်ယူခဲ့ပြီး ဖြူထိုင်းပါတီနဲ့ ထိုင်းနိုင်ငံရေးလောကမှာ လူကြိုက်များထင်ရှားတဲ့နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။ ထိုင်းတရားရုံးချုပ်ဟာ ဝန်ကြီးချုပ်ဟောင်းသက်ဆင်ကို ၂ဝဝ၈ ခုနှစ်ကထောင်ဒဏ် (၂)နှစ် ပြစ်ဒဏ်ချမှတ်ခဲ့ပြီးနောက် ပြည်ပထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ထိုင်းနိုင်ငံမှာလာမယ့်မေလအတွင်း ကျင်းပမယ့်ရွေးကောက်ပွဲမှာ သက်ဆင်ရဲ့သမီးဖြစ်သလို ဖြူထိုင်းပါတီရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ Paetongtarn Shinawatra ဟာ ရေပန်းအစားဆုံးဖြစ်နေကြောင်း သိရပါတယ်။
အသက် ၇၃ နှစ်အရွယ်ရှိ သက်ဆင်က " ထိုင်းနိုင်ငံကို ကျွန်တော်ပြန်လာချိန်မှာ သမီးဖြစ်သူရဲ့ပါတီက ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပါကလည်း လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ကြိုးပမ်းတာမျိုးမလုပ်ဖို့ ပြောဆိုထားတယ်။ ကျွန်တော့်ကို မကြိုက်နှစ်သက်သူများ မပျော်မရွှင်ဖြစ်ရမှာကို မလိုလားဘူး" လို့ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ချောင်းဦးမြို့နယ်တွင် လက်လုပ်မိုင်းထောင်နေစဉ် ပေါက်ကွဲမှုဖြစ်ပွား၍ အမျိုးသားတစ်ဦးသေဆုံး
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ