ပါကစ္စတန်နိုင်ငံရှိ ရွေးကောက်ပွဲကိုယ်စားလှယ်များ၏ ရုံးများ အပြင်ဖက်တွင် ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ(၂၈)ဦး သေဆုံး
Pika (NSS) - ဖေဖော်ဝါရီ ၈
ပါကစ္စတန်နိုင်ငံ အနောက်တောင်ပိုင်း ဘလိုချီစတန်ပြည်နယ်ရှိ ရွေးကောက်ပွဲကိုယ်စားလှယ်လောင်းများ၏ ရုံးများ အပြင်ဖက်တွင် ဖေဖော်ဝါရီလ(၇)ရက်က ဗုံးပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၂၈)ဦး သေဆုံးခဲ့ပြီး အခြားလူဒါဇင်ချီထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အာဏာပိုင်များသည် ဖေဖော်ဝါရီလ(၈)ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ လုံခြုံရေးတပ်ဖွဲ့ဝင် (၅)သိန်း ကျော်ကို ဖြန့်ကျက်ချထားခဲ့ပြီး မဲစာရွက်များကို မဲရုံ(၉)သောင်းကျော်သို့ ဖြန့်ဝေပေးခဲ့ကြောင်းလည်း သိရသည်။
ပါကစ္စတန်နိုင်ငံ၏ ရွေးကောက်ပွဲအကြိုကာလတွင် လုံခြုံရေးနှင့်ပတ်သက်သည့်ဖြစ်ရပ်များစွာဖြစ်ပွားခဲ့ပြီး နိုင်ငံတစ်ဝှမ်းတွင် ဒါဇင်နှင့်ချီသော ပစ်မှတ်ထားတိုက်ခိုက်မှုများဖြစ်ပွားခဲ့ကာ ကိုယ်စားလှယ်လောင်း အနည်းဆုံး (၂)ဦး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း သိရသည်။
ဘလိုချီစတန်ပြည်နယ် အိမ်စောင့်ပြန်ကြားရေးဝန်ကြီး Jan Achakzai က "ဒီနေ့ဖြစ်ပွားခဲ့တဲ့ပေါက်ကွဲမှုတွေဟာ ရွေးကောက်ပွဲကို နှောင့်ယှက်ဖို့ ရည်ရွယ်ထားတာပါ။ ဒီနေ့မှာ ပေါက်ကွဲမှုတွေကို ကြုံတွေ့နေရပေမယ့် ရွေးကောက်ပွဲကို ဆက်လုပ်သွားမှာပါ။ နောက်နေ့မှာ ဘလိုချီစတန်ပြည်နယ်က ပြည်သူတွေဟာ ကြောက်ရွံ့မှုတွေ မရှိဘဲ မဲပေးနိုင်ပါလိမ့်မယ်" ဟု ပြောခဲ့သည်။
ပထမဆုံးပေါက်ကွဲမှုမှာ Quetta မြို့မှ ကီလိုမီတာ(၅ဝ)ခန့်အကွာတွင်ရှိသော Pishin ခရိုင်ရှိ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းတစ်ဦး၏ ရုံးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံးလူ(၁၆)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ဒုတိယပေါက်ကွဲမှုမှာ Killa Saifullah မြို့ Islamist Jamiat Ulema-e-Islam-F (JUI-F) ပါတီ ကိုယ်စားလှယ်လောင်းတစ်ဦး၏ ရုံးခန်းအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံးလူ(၁၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် အဆိုပါတိုက်ခိုက်မှုနှစ်ခုအတွင်း အခြားလူ(၃၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Jan Achakzai က ထပ်မံပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဖေဖော်ဝါရီလ ၈ ရက်အတွက် သတင်းထူးများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ