ဆီဖြည့်စဉ် ထမင်းအိုးပေါ်သို့ ဖိတ်စင်ကျရာမှ ကုန်တင်စက်လှေတစ်စင်းလုံးနီးပါးမီးလောင်ကျွမ်းသည့်ဖြစ်စဉ် မြိတ်မြို့တွင်ဖြစ်ပွား
သန့်ဇင် (NSS) - ဖေဖော်ဝါရီ ၆
ဆီဖြည့်စဉ် ထမင်းအိုးပေါ်သို့ ဖိတ်စင်ကျရာမှ ကုန်တင်စက်လှေတစ်စင်းလုံးနီးပါးမီးလောင်ကျွမ်းသည့်ဖြစ်စဉ် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့တွင် ဖြစ်ပွားခဲ့ကြောင်း ချစ်ကြည်ရေးပရဟိတအသင်းထံမှ သိရသည်။
အဆိုပါမီးလာင်မှုသည် ယနေ့(ဖေဖော်ဝါရီလ ၆ ရက်)၊ နံနက် ၁၁နာရီ ၃၂မိနစ်အချိန်က မြိတ်မြို့၊ အနောက်လယ်ရပ်ကွက်၊ အမှတ်(၁) ဘောတံတားအနီးတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“မီးစလောင်တာက လှေပေါ်မှာ ထမင်းအိုးချက်နေတုန်း စက်လှေကိုဆီဖြည့်လိုက်တော့ ဆီကစင်ပြီး ထမင်းအိုးပေါ်ကိုကျတာမှာ မီးထလောင်တာပါ။ စက်လှေက မြိတ်နဲ့ရွှေဂဲညိုရွာကို ပစ္စည်းပို့တဲ့ စက်လှေပါ”ဟု ချစ်ကြည်ရေးပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ စက်လှေမီးလောင်မှုကြောင့် စက်လှေပေါ်ရှိ အသက်(၂၅)နှစ်အရွယ် ခရီးသည် ဇနီးမောင်နှံ(၂)ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့ကာ စက်လှေအပါအဝင် ကုန်ပစ္စည်းအများအပြားပျက်စီးဆုံးရှုံးသွားခဲ့ကြောင်း သိရသည်။
“ထိခိုက်ဒဏ်ရာရတာက လင်မယား(၂)ယောက်ရှိတယ်။ စက်လှေထဲက ပစ္စည်းတွေတော်တော်များများလည်း မီးလောင်သွားတယ်။ ဆိုင်ကယ်(၄)စီးရယ် ဆန်အိတ်တွေရယ် လျှပ်စစ်ပစ္စည်းတွေနဲ့ အခြားအပစ္စည်းတွေလည်း အများကြီးပါသွားတယ်။ ပျက်စီးဆုံးရှုံးမှုက သိန်းထောင်ချီရှိတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
၎င်းမီးလောင်မှုဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိသူ ဇနီးမောင်နှံ(၂)ဦးကို ချစ်ကြည်ရေးပရဟိတအသင်းက မြိတ်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ပြီး ပျက်စီးဆုံးရှုံးတန်ဖိုးအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်က မြိတ်မြို့နယ်၊ ကလွင်ကျေး ရွာအုပ်စု၊ ရှောက်တခင်းကျေးရွာ၌ ကုန်တင်စက်လှေတစ်စီးမီးလောင်မှုဖြစ်ပွားခဲ့သေးကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘင်္ဂလားဒေရှ့်ဘက်ခြမ်းကို ဆုတ်ခွာတိမ်းရှောင်ခဲ့တဲ့နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များကို ပြန်လည်ခေါ်ယူဖို့ မြန်မာအစိုးရ ချဉ်းကပ်လုပ်ဆောင်နေ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း