မန္တလေးတိုင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆)ခု၌ မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလအသိပေး
ယွန်း (NSS) - ဖေဖော်ဝါရီ ၄
မန္တလေးတိုင်း အပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ် (၆)ခုတွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ အသိပေးထားသည်။
မိုးဇလမှ ပြီးခဲ့သည့် ရက်ပိုင်းတွင် ထုတ်ပြန်ခဲ့သည့် ဖေဖော်ဝါရီလ ပထမ(၁၀)ရက်ပတ်အတွက် မိုးလေဝသခန့်မှန်းချက်တွင် အထက်ပါကဲ့သို့ ဖော်ပြထားခြင်း ဖြစ် သည်။
ယခုဖေဖော်ဝါရီလအတွင်း ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင်ပြီး ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနိုင်ကြောင်း သိရသည်။
ထို့ပြင် ဖေဖော်ဝါရီလ ပထမပတ်အတွင်း စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေး၊ ရှမ်းပြည်(မြောက်ပိုင်း)၊ ချင်း၊ ကရင် နှင့် မွန်တို့တွင် မိုးထစ်ချုန်းရွာသွန်းနိုင်ကြောင်း မိုးဇလမှ ဆိုထားသည်။
“ပြီးခဲ့တဲ့ ဇန်နဝါရီလမှာလည်း ရန်ကုန်တို့ ဘာတို့မှာရွာတာတွေရှိတယ်။ ဘာကြောင့်လဲဆိုတော့ ဆောင်းရာသီကလေအေးတိုက်တယ်။ သို့သော် တစ်ခါတစ်ရံမှာ ပင်လယ်ပြင်ဘက်က လေနွေးတွေတိုးဝင်လာတဲ့ အခါမျိုးမှာ လေအေးနဲ့လေနွေးထိတွေ့မှုရှိပြီး မိုးရွာတာပါ။ အခုကတော့ မြန်မာနိုင်ငံ အထက်ပိုင်းတွေမှာ ရွာမှာပေါ့” ဟု မိုးဇလညွှန်ကြားရေးမှူး ဦးလှထွန်းက NSS ကိုပြောသည်။
ညအပူချိန်အနေဖြင့် နေပြည်တော်၊ မန္တလေး၊ မကွေး၊ ပဲခူး(အနောက်ပိုင်း)၊ ရှမ်းပြည်(တောင်ပိုင်း)နှင့် ကယားတို့တွင် ဖေဖော်ဝါရီလ ပျမ်းမျှအပူချိန်၏ ၁ ဒသမ ၅ ဒီဂရီစင်တီဂရိတ်နှင့် အထက်ပိုနိုင်ကြောင်း သိရသည်။
အလားတူ စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊ တနင်္သာရီ၊ ကချင်၊ ရှမ်း၊ ချင်း၊ ရခိုင်၊ ကယား၊ ကရင်နှင့် မွန်တို့တွင် (၅)ရက်မှ (၉)ရက်ခန့် မြူထူဆိုင်းနိုင်ပြီး နေပြည်တော်၊ စစ်ကိုင်း(အောက်ပိုင်း)၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီတို့တွင်လည်း (၁)ရက်မှ (၄)ရက်ခန့် နံနက်ပိုင်းတွင် မြူထူဆိုင်းနိုင်ကြောင်း မိုးဇလမှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် ၁၄ ဦး ဘင်္ဂလားဒေရှ့်နိုင်ငံဘက်ခြမ်းသို့ လက်နက်တွေနဲ့အတူ ဝင်ရောက်လာခဲ့ကြောင်း ဘင်္ဂလားဒေရှ့်အာဏာပိုင်တွေပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ