အီရတ်နှင့်ဆီးရီးယားရှိ စစ်သွေးကြွအဖွဲ့များ၏ ပစ်မှတ်(၈၅)ခုကျော်ကို လက်တုံ့ပြန်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြောင်း အမေရိကန်စစ်ဘက်အတည်ပြု
Pika (NSS) - ဖေဖော်ဝါရီ ၃
အရှေ့အလယ်ပိုင်းဒေသတွင်ရှိသော အမေရိကန်စစ်အခြေစိုက်စခန်းများကို ဒရုန်းများ၊ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများအား လက်တုံ့ပြန်သည့်အနေဖြင့် အီရန်စစ်တပ်ဌာနခွဲ ငါးခုထဲမှတစ်ခုဖြစ်သော Quds Force အပြင် ၎င်းတို့နှင့်ဆက်နွယ်သည့် စစ်သွေးကြွအဖွဲ့များကို အမေရိကန်တပ်ဖွဲ့များက ဗုံးကြဲတိုက်ခိုက်မှုများစတင်လုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်းသိရသည်။
အမေရိကန်တပ်ဖွဲ့များ၏ လေကြောင်းမှတိုက်ခိုက်မှုများသည် ဖေဖော်ဝါရီလ(၃)ရက်၊ နံနက်အစောပိုင်းတွင် စတင်ခဲ့ခြင်းဖြစ်ပြီး ဆီးရီးယားနှင့်အီရတ်ရှိ ပစ်မှတ်(၈၅)ခုကျော်ကို တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်ဗဟိုကွပ်ကဲမှုဌာနချုပ် (CENTCOM) က ပြောကြားခဲ့သည်။ အဆိုပါစစ်ဆင်ရေးတွင် အမေရိကန်မှပျံသန်းလာသော တာဝေးပစ်ဗုံးကြဲလေယာဉ်များအပါအဝင် တိုက်လေယာဉ် အများအပြားပါဝင်ခဲ့ကြောင်းသိရသည်။ ပစ်မှတ်များထဲတွင် ကွပ်ကဲမှုစင်တာများ၊ ထောက်လှမ်းရေးနေရာများ၊ လက်နက်သိုလှောင်ရုံများ နှင့် အီရန်ကျောထောက်နောက်ခံပြုစစ်သွေးကြွအဖွဲ့များ၏ ထောက်ပံ့ရေးကွင်းဆက်များအပြင် အမေရိကန်နှင့်မိတ်ဖက်အဖွဲ့များကို တိုက်ခိုက်ရာတွင် ကူညီပံ့ပိုးပေးမှုများလုပ်ဆောင်ခဲ့သည့် အီရန်စစ်တပ်ဌာနခွဲများလည်းပါဝင်ကြောင်း CENTCOM ကပြောကြားခဲ့သည်။
ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းတစ်ခု တိုက်ခိုက်ခံရကာ တပ်ဖွဲ့ဝင်(၃)ဦးသေဆုံးခဲ့ပြီး အခြားတပ်ဖွဲ့ဝင်(၄၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့မှုအပါအဝင် အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများကို တိုက်ခိုက်ခံရမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ယခုကဲ့သို့လက်တုံ့ပြန်တိုက်ခိုက်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။ ဂျော်ဒန်နိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို Tower 22 ဟုခေါ်ဆိုပြီး ဆီးရီးယားနှင့်အီရတ်နယ်စပ်အနီးတွင်တည်ရှိကြောင်းလည်းသိရသည်။
Tower 22 စစ်အခြေစိုက်စခန်းကို တိုက်ခိုက်မှုတွင် အီရတ်ရှိ အစ္စလာမ်မစ်ခုခံရေးအဖွဲ့က ထောက်ပံ့မှုများလုပ်ဆောင်ပေးခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘိုင်က ပြောကြားခဲ့သည်။ အဆိုပါအဖွဲ့တွင် ဒေသတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို ဒရုန်းများ၊ ဒုံးကျည်များဖြင့် တိုက်ခိုက်မှုများအား လုပ်ဆောင်ခဲ့သည့် Kataib Hezbollah လက်နက်ကိုင်အဖွဲ့အပါအဝင် စစ်သွေးကြွအများအပြားပါဝင်ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
Squid Game မင်းသား အိုယောင်းဆိုး အလိုမတူပဲ အမျိုးသမီးကို နမ်းရှုံ့မှု စွပ်စွဲချက်နဲ့ ထောင်ဒဏ်(၁)နှစ်ကျနိုင်
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ