ရန်ကုန်မြို့တွင် ငွေကျပ် ၇ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ
သန့်ဇင်(NSS) - ဖေဖော်ဝါရီ ၁
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နှင့် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်တို့တွင် ငွေကျပ် ၇ ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့က ပြီးခဲ့သည့် ဇန်နဝါရီလ ၂၄ ရက်၊ မွန်းလွဲ ၁၂နာရီအချိန်တွင် တောင်ဥက္ကလာပမြို့နယ်၊ (၈)ရပ်ကွက်၊ ဝေဇယန္တာလမ်းမပေါ်၌ အထက်ပါမူးယစ်ဆေးဝါးများကို စတင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းပေါ်တွင် တင့်ဇော်မောင်းနှင်၍ မိုးနိုင်စိုး(ခ)ရွှေသီးနှင် မနဝရတ်ထွန်းတို့ လိုက်ပါလာသည့် FORD EVERESTကားကို ရဲတပ်ဖွဲ့ စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၃၈ ကီလို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် ဆက်လက်စစ်ဆေးချက်အရ တင့်ဇော်နှင့် နဝရတ်ထွန်းတို့ နေထိုင်သည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၉)ရက်ကွက်၊ မဟာဗန္ဓုလ လမ်းရှိ နေအိမ်မှ အိုက်စ်(မက်သ်အဖက်တမင်း) ၁၅ ဂရမ်၊ စိတ်ကြွရူးသွပ်ဆေးပြား (၄၀၀)နှင့် တင့်ဇော် ငှားရမ်းထားသည့် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ (၄၂)ရပ်ကွက်၊ သခင်အုန်းဖေကြီးလမ်းရှိ ခြံဝန်းအတွင်းရှိ TOYOTA ALPHARD ယာဉ်နှင့် Container Box အတွင်းမှ စိတ်ကြွ ရူးသွပ်ဆေးပြား ၃၈ ဒသမ ၂ သိန်း၊ ကက်တမင်း ၅၀ ကီလို၊ အိုက်စ် (မက်သ်အဖက်တမင်း) ၁၀ ကီလိုတို့ကို ဆက်လက်သိမ်းဆည်း ရမိခဲ့ကြောင်း သိရသည်။
ထို့နောက် ဇန်နဝါရီလ ၂၉ ရက်၊ မွန်းလွဲ ၁၂နာရီခွဲအချိန်တွင် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်၊ အနောက်မြို့ရှောင်လမ်းရှိ ဟိုတယ်တွင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများအား သယ်ဆောင်ရောင်းဝယ်ရာ၌ ပူးပေါင်းပါဝင်သူ ကျော်ဇေယျာညွန့်(ခ)ကျော်ဇေယျ(ခ) ကြောင်ပူကို ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
၎င်းတို့ထံမှ စုစုပေါင်းငွေကျပ် ၇ ဒသမ ၅၂ ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၃၈ ဒသမ ၂၀၄ သိန်း၊ အိုက်စ်(မက်သ်အဖက် တမင်း) ၄၈ ဒသမ ၀၁၅ ကီလိုနှင့် ကက်တမင်း ကီလို ၅၀ သိမ်းဆည်းရမိခဲ့ပြီး အဆိုပါမူးယစ်ဆေးဝါးများကို ရှမ်းပြည်နယ်မှ ရန်ကုန်သို့ သယ်ဆောင်၍ ခေတ္တသိုလှောင်ထားရှိကာ ထိုမှတစ်ဆင့် ကရင်ပြည်နယ်သို့ ဆက်လက်သယ်ဆောင် ရောင်းဝယ်ခြင်းများ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
ထို့ကြောင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အကြမ်းဖက်လုပ်ရပ်ဖြင့် ပြစ်ဒဏ်ကျခံနေရသူတစ်ဦးကို ဆော်ဒီအာရေးဗျအစိုးရကွပ်မျက်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း