တောင်ကိုရီးယားနိုင်ငံအနီးရှိ ရေပြင်တွင် အမေရိကန်၏ F-16 တိုက်လေယာဉ်တစ်စင်း ထပ်မံပျက်ကျ
Pika (NSS) - ဇန်နဝါရီ ၃၁
အမေရိကန်၏ F-16 တိုက်လေယာဉ်တစ်စင်းသည် တောင်ကိုရီးယားနိုင်ငံအနီးရှိ ရေပြင်တွင် ပျက်ကျခဲ့ကြောင်း အမေရိကန်စစ်တပ်က အတည်ပြုပြောကြားခဲ့သည်။
အဆိုပါမတော်တဆမှုသည် တစ်နှစ်အတွင်း တောင်ကိုရီးယားနိုင်ငံအနီးတွင် အမေရိကန်၏ စစ်လေယာဉ်များ ပျက်ကျမှု တတိယအကြိမ်မြောက်ဖြစ်ကြောင်း သိရသည်။ F-16တိုက်လေယာဉ်သည် တောင်ကိုရီးယားနိုင်ငံ Kunsan အမေရိကန်လေတပ်အခြေစိုက်စခန်းအနီး Gunsan ကမ်းလွန်ပင်လယ်ပြင်တွင် ဇန်နဝါရီလ(၃၁)ရက် အစောပိုင်းက ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ပျက်ကျမှုဖြစ်ပွားပြီးနောက် F-16 တိုက်လေယာဉ်မှူးသည် လေယာဉ်ကို စွန့်ခွာကာ ထိုင်ခုံနှင့်အတူ ကန်ထွက်နိုင်ခဲ့ကြောင်း Yonhap သတင်းအေဂျင်စီက ဖော်ပြခဲ့သည်။
8th Fighter Wing တပ်မှူး Col. Matthew C. Gaetke က "မတော်တဆမှုဖြစ်ပွားရတဲ့အကြောင်းအရင်းတွေကို စုံစမ်းမပြီးမချင်း လေယာဉ်အတွင်း အရေးပေါ်အခြေအနေနဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေကို ရရှိမှာ မဟုတ်သေးပါဘူး။ လက်ရှိအချိန်မှာတော့ တိုက်လေယာဉ်ကိုရှာဖွေဖို့နဲ့ ပြန်လည်ဆယ်ယူနိုင်ဖို့ ကျွန်တော်တို့ ဦးစားပေးလုပ်ဆောင်နေပါတယ်" ဟု ပြောခဲ့သည်။
ထို့အပြင် အမေရိကန်တိုက်လေယာဉ်မှူးကို ဆေးရုံသို့ အလျင်အမြန်ပို့ဆောင်ပေးကာ ကုသပေးမှုများ လုပ်ဆောင် နိုင်ခဲ့သည့်အတွက် တောင်ကိုရီးယား၏ ကယ်ဆယ်ရေးတပ်ဖွဲ့များကို Col. Matthew C. Gaetke က ချီးကျူးပြောဆို ခဲ့ကြောင်းလည်း သိရသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလတွင် အမေရိကန်၏ F-16 တိုက်လေယာဉ်တစ်စင်းသည် လေ့ကျင့်မှုများ လုပ်ဆောင် နေချိန်အတွင်း တောင်ကိုရီးယားကမ်းလွန် ပင်လယ်ဝါအတွင်းသို့ ပျက်ကျခဲ့ပြီးနောက် ယခုကဲ့သို့ ပျက်ကျမှု ထပ်မံ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ F-16 တိုက်လေယာဉ်သည်လည်း Kunsan အမေရိကန်လေတပ်အခြေစိုက်စခန်းရှိ US 8th Fighter Wing မှ တိုက်လေယာဉ်တစ်စင်းဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်နှစ် မေလတွင် တောင်ကိုရီးယားနိုင်ငံ အနောက်မြောက်ဘက် အိုဆန်လေတပ်အခြေစိုက်စခန်းအနီးတွင် အမေရိကန်၏ နောက်ထပ် F-16 တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ဖူးကြောင်း သိရသည်။ သို့သော်လည်း တာဝန်ရှိသူများသည် အဆိုပါမတော်တဆမှုနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက် အနည်းငယ်ကိုသာ ထုတ်ဖော်ပြောကြားခဲ့ကြောင်းလည်း သိရသည်။
အဆိုပါ F-16 တိုက်လေယာဉ်မှူးသည် ပုံမှန်လေ့ကျင့်ရေးမစ်ရှင်များကို လုပ်ဆောင်နေခြင်းဖြစ်ပြီး ပျက်ကျသည့် အချိန်တွင် ထိုင်ခုံနှင့်အတူ ဘေးကင်းစွာကန်ထွက်နိုင်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကာလုံအစည်းအဝေးကို အဖွဲ့ဝင်(၉)ဦးဖြင့် ကျင်းပပြီးနောက် အရေးပေါ်ကာလကို နောက်ထပ် (၆)လ သက်တမ်းတိုးရန် ဆုံးဖြတ်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း