လှိုင်မြို့နယ်တွင် ဘတ္ထရီရှော့ဖြစ်ရာမှ တက္ကစီတစ်စီး မီးလောင်မှုဖြစ်ပွား
သန့်ဇင် (NSS) - ဇန်နဝါရီ ၃၀
ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်တွင် ဘတ္ထရီရှော့ဖြစ်ရာမှ တက္ကစီတစ်စီးမီးလောင်ဆုံးရှုံးမှုဖြစ်ပွားခဲ့ကြောင်း မာဃရိပ်ငြိမ်လူမှုကူညီကယ်ဆယ်ရေးအသင်းထံမှ သိရသည်။
အဆိုပါကားမီးလောင်မှုသည် ယနေ့(ဇန်နဝါရီ ၃ဝ ရက်)၊ နံနက် ၆ နာရီ ၄ဝ မိနစ်အချိန်တွင် လှိုင်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ဘုရင့်နောင်လမ်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တက္ကစီက မောင်းလာရင်းနဲ့ လမ်းဘေးဆွဲရပ်လိုက်တဲ့အချိန်မှာ အင်ဂျင်ခန်းကနေ စလောင်တယ်ပါ။ သိရတာတော့ ဘတ္ထရီအိုးကနေ ဝါယာရှော့ဖြစ်ပြီး လောင်တာပါ” ဟု မာဃရိပ်ငြိမ်လူမှုကူညီကယ်ဆယ်ရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
၎င်းကားမီးလောင်မှုတွင် လူထိခိုက်မှုမရှိခဲ့သော်လည်း ကားအင်ဂျင်ခန်းတစ်ခုလုံး မီးလောင်ပျက်စီးသွားခဲ့ကြောင်း သိရသည်။
“တစ်ချို့ကြတော့ ကားရဲ့ချို့ယွင်းချက်ကြောင့်ပေါ့။ နောက်တစ်ခုကကြတော့ ကား မစစ်မိတာတွေ။ တစ်ချို့ရှိတယ် ဝါယာကြိုးတွေကို ကြွက်ကိုက်မိထားတော့ ဝါယာကြိုးတွေ ပူးပြီး ဝါယာရှော့ဖြစ်ပြီးမီးလောင်တာတွေဖြစ်တတ်တယ်။ အဲဒါကြောင့် ကားကိုသတိထားပြီး စစ်ဆေးပြီးမှ မောင်းစေချင်တယ်” ဟု ၎င်းက အကြံပြုပြောဆိုထားသည်။
အဆိုပါကားမီးလောင်မှုကို လှိုင်မြို့နယ်မီးသတ်စခန်း နှင့် မာဃရိပ်ငြိမ်လူမှုကူညီကယ်ဆယ်ရေးအသင်းတို့မှ ပူးပေါင်းကာ ၁၀မိနစ် ခန့်သွားရောက် မီးငြှိမ်းသတ်ခဲ့ကြောင်း သိရသည်။
အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်တွင် လှိုင်သာယာမြို့နယ်၊ စက်မှုဇုန်(၄)၊ ပင်စည်မင်းသားကြီးလမ်း၌ Light Truck ကားတစ်စီး ဝါယာကြိုးပေါက်ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာချီလိတ်မြို့တွင် PNLO အဖွဲ့ဝင် အပါအဝင် လူ(၅)ဦး နှင့် ထိုင်းနိုင်ငံသား (၂) ဦး ကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းဆီးရမိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း