ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသမှာ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးမယ့် စင်တာ တည်ထောင်ဖို့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ သဘောတူ
ဂျန်ဇက် (NSS) - ဇန်နဝါရီ ၂၉
မြန်မာနိုင်ငံမှာ ဖြစ်ပွားလျက်ရှိနေတဲ့ လက်နက်ပဋိပက္ခတွေရဲ့သက်ရောက်မှုဒဏ်ကို တွေ့ကြုံခံစားနေရတဲ့ ပြည်သူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးပို့ ကူညီပေးနိုင်ဖို့ ထိုင်းနဲ့ မြန်မာနယ်စပ်ဒေသမှာ လူသားချင်းဆိုင်ရာအကူအညီပေးမယ့် စင်တာ တစ်ခုတည်ထောင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးများ သဘောတူညီခဲ့ကြောင်း သိရပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို လာအိုနိုင်ငံ Luang Prabang အရပ်ဒေသမှာ ဇန်နဝါရီ ၂၈ ရက်က စတင်ပြီး နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Parnpree Bahiddha-Nukara က ထိုင်းနိုင်ငံက အဆိုပြုခဲ့တဲ့ ထိုင်း နဲ့ မြန်မာနိုင်ငံကြား လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေး စင်တာတည်ထောင်ဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား သဘောတူညီခဲ့ကြောင်း ပြောပါတယ်။
၎င်းအနေနဲ့ လာမယ့် ဖေဖော်ဝါရီ ၈ ရက် နဲ့ ၉ ရက်တို့မှာ တက်ပြည်နယ် မဲဆောက်ဒေသကိုသွားရောက်ပြီး လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးစင်တာတည်ဆောက်ဖို့ သင့်တော်တဲ့နေရာ ရှာဖွေသွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးက အာဆီယံအဖွဲ့ဝင်နိုင်ငံများရဲ့နိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာပြည်သူတွေကို အကူအညီတွေပေးနိုင်ဖို့ လူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးလုပ်ငန်းတွေကို စောင့်ကြည့်မယ့် (AHA Centre) တစ်ခုတည်ထောင်ဖို့ သဘောတူညီခဲ့ကြောင်း ပြောပါတယ်။
ထိုင်း နဲ့ မြန်မာကြက်ခြေနီအဖွဲ့အစည်းတွေဟာ အဆိုပါလူသားချင်းဆိုင်ရာစာနာမှုအကူအညီပေးရေးစင်တာမှာ အကူအညီပေးမယ့်လုပ်ငန်းတွေကို ကူညီပေးသွားဖွယ်ရှိနေကြောင်း၊ မြန်မာနိုင်ငံရှိ လူသားချင်းဆိုင်ရာစာနာမှု အကူအညီလိုအပ်နေတဲ့သူတွေကို လာမယ့်ဖေဖော်ဝါရီလအတွင်း စတင် ကူညီပေးသွားဖွယ်ရှိနေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၂၉ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက ထူးခြားဖြစ်စဥ်သတင်းများ
RELATED POSTS
21 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
20 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
20 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ