MNL ကစားသမားများအနေဖြင့် လုပ်ပွဲကစားပါက ရာသက်ပန်ထုတ်ပယ် သည်အထိအရေးယူခံမည့်အပြင် လောင်းကစားဥပဒေဖြင့်ပါ အရေးယူခံရမည်

သန့်ဇင် (NSS) - မေ ၂၃
မြန်မာနယ်ရှင်နယ်လိဂ်(MNL)ပြိုင်ပွဲတွင် ကစားသမားများအနေဖြင့် လုပ်ပွဲကစားပါက ရာသက်ပန်ထုတ်ပယ်သည်အထိ အရေးယူခံရမည့်အပြင် လောင်းကစားဥပဒေဖြင့်ပါ အရေးယူခံရနိုင်ကြောင်း မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က NSS ကို ထုတ်ဖော်အသိပေးပြောကြားသည်။
မြန်မာနေရှင်နယ်လိဂ်(MNL)ပြိုင်ပွဲများကို လာမည့် ဇူလိုင်လ ၇ ရက်တွင် စတင်ကျင်းပမည်ဖြစ်ပြီး လုပ်ပွဲကစားမှုများနှင့်ပတ်သက်၍လည်း ပြီးခဲ့သည့်နှစ်ကပင် စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားပြီးဖြစ်ကြောင်း သိရသည်။ “မနှစ်ကတော့ MNL(1)ပြိုင်ပွဲမှာ (၁၂၃)ပွဲရှိတဲ့အထဲက (၇)ပွဲကို သံသယရှိစရာကောင်းတယ်ဆိုတာကြောင့် စုံစမ်းစိစစ်ရေး အဖွဲ့ကိုဖွဲ့လိုက်တယ်။ အဲဒီထဲမှာ အဖွဲ့ဝင်(၅)ဦးပါဝင်ပြီးတော့ သံသယရှိစရာကောင်းတဲ့ (၇)သင်းကို အပြန်ပြန်အလှန်လှန်စစ်ဆေးခဲ့တယ်ပေါ့နော်။ စစ်ဆေးခဲ့တော့ သက်သေနဲ့ဖော်ပြခဲ့လို့ရပြီးတော့ အရေးယူလို့ရတဲ့အချက်တော့မတွေ့ဘူး။ အဲဒါတော့ ပြီးခဲ့တဲ့နှစ်ကတော့ သက်သေလည်း အတိအကျမရှိဘူး။ လွဲချော်တာလေးတွေရှိတော့ သက်ဆိုင်ရာကစားသမားတွေကို ခေါ်ယူပြီးတော့ နောက်တစ်ခါ ဒီလိုမျိုးမဖြစ်အောင် ပြောဆိုကြီးကြပ်ထိန်းသိမ်းပြီး နောက်ဆုံးကြိမ်သတိပေးခဲ့ပါတယ်။ ပြီးတော့အသင်းလိုက်ခေါ်ယူပြီး လုပ်ပွဲကစားရင် ဥပဒေအရဘယ်လိုထိထိရောက်ရောက်အရေးခံရနိုင်တယ်ဆိုတာမျိုးတွေပြောခဲ့တာရှိပါတယ်”ဟု ဦးစိုးမိုးကျော်က ပြောသည်။
ထို့ပြင်လုပ်ပွဲကစားသည့် သက်ဆိုင်ရာကစားသမားအနေဖြင့် ရာသက်ပန်ပွဲပယ်ပြစ်ဒဏ်အပြင် နိုင်ငံတော်ကချမှတ်ထားသည့် လောင်းကစားဥပဒေဖြင့်ပါ ထည့်သွင်းအရေးယူခံရမည်ဖြစ်ကြောင်း သိရသည်။ “ပြစ်မှုတစ်ခုခုက သူကျူးလွန်တဲ့အပေါ်မူတည်ပြီးတော့ ပွဲတစ်ခုလုံးကို ရုပ်ဆိုးအကျည်းတန်သွားစေတဲ့ပွဲမျိုးတို့၊ နာမည်ဆိုးနဲ့ အဆိပ် အတောက် ဖြစ်စေတယ်ဆိုရင်တော့ သေချာတယ် သူသည်အမြင့်ဆုံးက ရာသက်ပန်ပွဲပယ်ခံရမှာဖြစ်သလို နိုင်ငံ တော်က သတ်မှတ်ထားတဲ့ လောင်းကစားဥပဒေနဲ့လည်း အရေးယူခံရမယ်ပေါ့။ ဥပဒေ(၂)ခုနဲ့ အရေးယူခံရမှာပေါ့။ ဒီဘက်မှာဘောလုံးနဲ့ပတ်သက်ရင်တော့ သူ့ကိုမည်သည့်နေရာမှပါဝင်ခြင်းမရှိစေရ။ ဘောလုံးအဖွဲ့ချုပ်ကကြီးမှူးကျင်းပတဲ့ဘယ်ပြိုင်ပွဲမှာမှ ဝင်ရောက်ကစားခွင့်မရှိဘူး။ နောက်ပြီး အဲဒီလိုကစားသမား တစ်ဦးမကဘူး(၂)ဦး(၃)ဦးလောက်က လက်ရွေးစင်ကစားဆိုရင်လည်း လက်ရွေးစင်အသင်းကနေ ရာသက်ပန်အပယ်ခံရမှာဖြစ်ပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါ လုပ်ပွဲကစားမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း မေလ ၁၄ ရက်က ကျင်းပခဲ့သော မြန်မာနေရှင်နယ်လိဂ်ကော်မတီအစည်းအဝေးတွင် ဘောလုံးလောကတစ်ခုလုံး ထိခိုက်ပျက်စီးသွားနိုင်သည့် လုပ်ပွဲကစားမှု (Match Fixing) ပြုလုပ်ကစားခြင်းတို့ကို ကြိုတင်အသိပေးကာကွယ်မှုများ ပြုလုပ်သွားရန်နှင့် ဖြစ်ပေါ်လာပါက ချက်ခြင်းအရေးယူဆောင်ရွက်သွားရန် တိုက်တွန်းပြောဆိုခဲ့ဖူးသည်။
Comments :
0 comments

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်-မော်လမြိုင်လမ်းပေါ်ရှိ မစောတံတား မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ဆိုင်ကယ်(၃)စီးချောင်းအတွင်းပြုတ်ကျကာ တစ်ဦးသေဆုံးခဲ့ရ
RELATED POSTS
08 Nov 2024 | အားကစား,ပြည်တွင်း