ပြည်တွင်းကားဈေးကွက်အတွင်း၌ ကျပ်သိန်း(၃၀၀)နှင့် (၁၅၀၀) ကြားကားများ အရောင်းအဝယ်ပုံမှန်ဖြစ်နေဟုဆို
ယွန်း (NSS) - ဇန်နဝါရီ ၁၈
ပြည်တွင်းကားရောင်းဝယ်မှုတွင် ဈေးအနည်းငယ်ပိုရနေပြီး အရောင်းအဝယ်ပုံမှန်ဖြစ်နေကြောင်း ကားရောင်းဝယ်ရေးလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။
လက်ရှိတွင် ကားဈေးကွက်သည် ပြီးခဲ့သည့် ဒီဇင်ဘာလထက် ဈေးအနည်းငယ်ပိုရနေပြီး အရောင်းအဝယ်ကောင်းမွန်နေကြောင်း သိရသည်။
“ကားဈေးကွက်တော့ လက်ရှိအခြေအနေနဲ့ပြောရရင် ဒီဇင်ဘာ လဆန်းပိုင်းထက်စာရင် ထိုက်သင့်တဲ့ရာခိုင်နှုန်းလောက်တော့ ဈေးနည်းနည်းလေးပိုရလာတယ်။ အရမ်းကြီးတက်လာတာမျိုးတော့မဟုတ်ဘူး။ ဒါပေမဲ့ အကျဘက်မှာတော့မရှိဘူး။ အရောင်း အဝယ်ပုံမှန်ဖြစ်နေပါတယ်”ဟု မြန်မာ့မော်တော်ယာဥ်ထုတ်လုပ်ရေးနှင့် ဖြန်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းမှ အထွေထွေအတွင်းရေးမှူးချုပ် ဦးကျော်စွာထွန်းမြင့်က NSS ကို ပြောသည်။
ပြည်တွင်းကားဈေးကွက်၌ ပြီးခဲ့သည့် ဩဂုတ်လအတွင်း ငွေကျပ်သိန်း(၁၃၀၀)အထိ ဈေးခေါ်ရောင်းချခဲ့သော ကားများသည် စက်တင်ဘာလကုန်ပိုင်းမှစ၍ ဈေးကျဆင်းလာနေပြီး ငွေကျပ်သိန်း (၁၀၀၀)အထက် ကားများသာမက ငွေကျပ်သိန်း (၅၀၀) အောက်ကားများပါ ဈေးများ တစ်ပြိုင်နက်တည်း ကျဆင်းလာကြောင်း သိရသည်။
သို့သော် ယခုဇန်နဝါရီလတွင် ကားဈေးများအနည်းငယ်ပြန် လည်မြင့်တက်လာပြီး ငွေကျပ်သိန်း(၃၀၀)မှစ၍ ငွေကျပ်သိန်း (၁၅၀၀)အထိ ကားများသည် ဈေးကွက်တွင် အရောင်းအဝယ်ပိုဖြစ်နေကြောင်း သိရသည်။
“အရင်အချိန်ထက်စာရင်တော့ အရောင်းအဝယ်လည်း ခပ်စိပ်စိပ်ဖြစ်လာပါတယ်။ အရင်ကတော့ ပုံမှန်(၅၀၀)လောက်ကစပြီး (၁၅၀၀)(၂၀၀၀)အထိကို ဝယ်ကြတယ်။ အခုကတော့ (၃၀၀)(၄၀၀)တန်းကားကနေစပြီး (၁၅၀၀)(၂၀၀၀)လောက်ထိက အရောင်းအဝယ်ဖြစ်ပါတယ်။ (၂၀၀၀)ကျော်သွားတဲ့ ကားတွေ မှာလည်း သူ့ဟာသူတော့အရောင်းအဝယ်ဖြစ်နေပါတယ်။ သောင်းချီတဲ့ကားကျတော့လည်း အရောင်းအဝယ်ဖြစ်တာ အစီးရေနည်းတယ်။ (၃၀၀)(၄၀၀) ကနေ (၁၅၀၀)(၂၀၀၀) လောက်ထိကတော့ အရောင်းအဝယ်ပိုအဖြစ်များပါတယ်”ဟု ဦးကျော်စွာထွန်းမြင့်က ဆက်လက်ပြောသည်။
ကားအရောင်းအဝယ်ဈေးကွက်အတွင်း၌ ငွေပြန်ပေါ်စေရန် ရောင်းချနေသူများရှိသကဲ့သို့ ပုံမှန်သုံးစွဲရန် ကားလိုအပ်ချက်ရှိသူများကလည်း ကားပြန်ဝယ်လာခြင်းကြောင့် အရောင်းအဝယ်ပြန်ဖြစ်နေကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်း စိတ်ဝင်စားဖွယ်သတင်းများ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း