ရန်ကုန်-မန္တလေးအမြန်လမ်း၌ ဆီဘောက်ဆာယာဉ် နောက်ပြန်ကွေ့ရာမှ ယာဉ်(၃)စီးဆင့်တိုက်မှုဖြစ်ပြီး လူ(၂)ဦးသေဆုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၁၈
ရန်ကုန်-မန္တလေးအမြန်လမ်း၌ ဆီဘောက်ဆာယာဉ်က အနောက်ဘက် ယာဉ်ကြောကိုမကြည့်ပဲ နောက်ပြန်ကွေ့ရာမှ ယာဉ်(၃)စီး ဆင့်တိုက်မှု ဖြစ်ပြီး လူ(၂)ဦးသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း ဘုရားကြီးအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ ဖြစ်စဉ်မှာ ယမန်နေ့(ဇန်နဝါရီလ ၁၇ ရက်)၊ မွန်းလွဲ ၂နာရီ ၅၀ မိနစ်အချိန်က ပဲခူးမြို့နယ်၊ ဘုရားကြီးမြို့၊ ရန်ကုန်-မန္တလေး လမ်းဟောင်း၊ ပဒေသာရပ်ကွက်ရှိ ယမင်းထမင်းဆိုင်ရှေ့၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ဆီဘောက်ဆာကားက နောက်ကယာဉ်ကြောကိုမကြည့်ဘဲနဲ့ ကွေ့ချလိုက်တော့ နောက်ကမောင်းလာတဲ့ Light Truck ကဝင်တိုက်မိတာ။ အဲဒီကနေမှ ခေါင်းကရမ်းပြီး ထမင်းဆိုင်ရှေ့က ဖောကားကိုဝင်တိုက်ချမိတာ”ဟု ဘုရားကြီးအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် Light Truck ကားပေါ်တွင်လိုက်ပါလာသည့် အသက်(၄၀)နှစ်ဝန်းကျင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့တွင် ဦးခေါင်းထိခိုက်ဒဏ်ရာများပြင်ထန်စွာရရှိခဲ့ပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“Light Truck ကားပေါ်က ကားခေါင်းခန်းထဲပါတဲ့ ယာဉ်မောင်းနဲ့ အမျိုးသမီးတစ်ဦးက သေဆုံးတယ်။ အမျိုးသမီးဆိုရင် ခေါင်းတစ်ခြမ်းလုံးကြေသွားပြီး ဆေးရုံပို့နေတုန်း ကားပေါ်မှာပဲ ဆုံးသွားတယ်။ အမျိုးသားကတော့ ခေါင်းနဲ့ရင်ဘတ်တွေမှာ ဒဏ်ရာကြီးတွေရပြီး ဆေးရုံမှာဆုံးသွားတာပါ”ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုးသားနှင့် အမျိုးသမီးတို့အား ဘုရားကြီးလူငယ်(ဂတုံးအဖွဲ့)မှ ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းတွေကို အကြံပြုချင်တာကတော့ မပေါ့ဆဖို့နဲ့ ကားကြီးမောင်းတဲ့လူတွေဆိုရင် ဂရုစိုက်ပြီးမောင်းစေချင်တယ်။ ခုဖြစ်စဉ်ဆိုရင်လည်း ကားကြီးသမားက ပေါ့ဆလို့ဖြစ်သွားတာ။ တချို့ရှိတယ် ကားကြီးသာမောင်းနေကြတာ ကားကြီးမောင်းရမယ့် လိုင်စင်တွေ မရှိကြတာတွေပေါ့။ အဲလိုမျိုးတွေလည်း မဖြစ်စေချင်ဘူး”ဟု အထက်ပါအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားသည်။
အလားတူ ယမန်နေ့ (ဇန်နဝါရီလ ၁၇ ရက်)၊ နံနက် ၆နာရီဝန်း ကျင်အချိန်ခန့်တွင်လည်း ရန်ကုန်မြို့၌ တွဲကား နှင့် စက်ရုံဖယ်ရီကားတို့တိုက်မိခဲ့ရာ လူ(၃၀)ဦးထက် မနည်းထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ထိုင်းနှင့် မြန်မာနိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုအားကောင်းရေးအတွက် နှစ်နိုင်ငံ ဆွေးနွေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း