ယုဇနဥယျာဉ်မြို့တော်ရှိ ငါးလွှာအမြင့်တိုက်ပေါ်မှ ပြုတ်ကျသည့် အသက်(၁)နှစ် နှင့် (၇)နှစ်အရွယ် ကလေးငယ်(၂)ဦးလုံး သေဆုံး
စော (NSS) - ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်ရှိ ငါးလွှာအမြင့်တိုက်ပေါ်မှ ပြုတ်ကျသည့် အသက်(၁)နှစ် နှင့် (၇)နှစ် အရွယ် ကလေးငယ် (၂)ဦးလုံး သေဆုံးသွားခဲ့ကြောင်း လင်း ပရဟိတ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူတစ်ဦးက NSS သတင်းဌာနသို့ ပြောသည်။
ဖြစ်စဉ်မှာ ယမန်နေ့ (ဇန်နဝါရီလ ၁၆ ရက်)၊ ညနေ(၆)နာရီခွဲဝန်းကျင်အချိန်က ယုဇနဥယျာဉ်မြို့တော်ရှိ (10) A လမ်း၊ တိုက် (၁၇)၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းသိရကာ သေဆုံးသူ (၂)ဦးလုံးသည် မိန်းကလေးများ ဖြစ်ကြောင်းလည်း သိရသည်။
“သူတို့မိဘတွေပြောတာကတော့ နောက်ဖေး အိပ်ခန်း ပြတင်း ပေါက်နားမှာ ဆိုဖာဆက်တီလေးကို ထားထားတယ်။ ဆိုဖာဆက်တီထားတော့ တံခါးကတော့ ပိတ်ထားတာပေါ့။ ဒါပေမဲ့သံပန်းတို့၊ သံဇကာတို့ မကာထားဘူး။ ကလေးတွေက အဲဒီပေါ်မှာ တက်ဆော့ရင်းနဲ့ တစ်ယောက်က တံခါးကို ဆွဲဖွင့်လိုက်တော့ အရှိန်လွန်ပြီးပြုတ်ကျသွားတာ။ တစ်ယောက်က ပွဲချင်းပြီးဆုံးသွားတယ်။ နောက်တစ်ယောက်ကဆေးရုံရောက်ပြီး ဆုံးသွားတယ်”ဟု လင်းပရဟိတလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အသက်(၁)နှစ်အရွယ်ကလေးငယ်သည် နေရာတွင်ပင် ပွဲချင်းပြီး ဆုံးသွားခြင်းဖြစ်ကာ အသက် (၇)နှစ်အရွယ် ကလေးငယ်သည်ဆေးရုံရောက်ပြီး ည (၉)နာရီ အချိန်ခန့်တွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။
“သံပန်းကတော့ ဈေးကြီးတယ်။ သံဇကာဆိုရင် ဈေးမကြီးဘူး ထောင်ဂဏန်းလောက်ပဲရှိတယ်။ ကလေးရှိတဲ့လူတွေ အထပ်မြင့်မှာနေရင်တော့ ပြတင်းပေါက်တွေမှာ သံဇကာလေးတွေ တပ်ထားသင့်တယ်လို့ထင်တယ်။ ဘာပဲဖြစ်ဖြစ် အထိန်းအကွပ်ရှိအောင်လို့ပါ”ဟု ၎င်းကပြောသည်။
ကလေးငယ် (၂)ဦး၏ ရုပ်အလောင်းကို ကျီစုသုဿန်သို့ပို့ဆောင်ထားပြီး မနက်ဖြန် (ဇန်နဝါရီလ ၁၈ ရက်)တွင် သဂြိုလ်မည် ဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယူကရိန်းစစ်ပွဲ ရပ်တန့်စေလိုရင် စစ်လက်နက်ပစ္စည်းကူညီပေးတာတွေကို ရပ်တန့်ရမယ်လို့ ဟန်ဂေရီအစိုးရ ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း