မင်္ဂလာဒုံမြို့နယ်၌ တွဲကား နှင့် စက်ရုံဖယ်ရီကားတို့ တိုက်မိခဲ့ရာ လူ(၃၀)ထက်မနည်း ထိခိုက်ဒဏ်ရာရ
သန့်ဇင်(NSS) - ဇန်နဝါရီ ၁၇
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် တွဲကား နှင့် စက်ရုံဖယ်ရီကားတို့ တိုက်မိခဲ့ရာ လူ(၃၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကြယ်စင် မေတ္တာလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဇန်နဝါရီလ ၁၇ ရက်)၊ နံနက် ၆နာရီခွဲဝန်းကျင်အချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ ခရေပင်လမ်းခွဲနှင့် (၁၀၆) မှတ်တိုင်ကြား၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ကွန်တိန်နာတွဲကားက တညင်းကုန်းလမ်းဆုံမီးပွိုင့်ကနေ ခရေပင်လမ်းခွဲကို ဖြတ်တက်တာပေါ့။ စက်ရုံဖယ်ရီကား(Light Truck)က တညင်းကုန်းလမ်းဆုံဘက်ကို ပြန်ဆင်းတာမှာ အဲဒီနေရာက အကွေ့ဆိုတော့ ကွန်တိန်နာကားက အရှိန်မထိန်းနိုင်တဲ့ သဘောမျိုးဖြစ်ပြီး စက်ရုံဖယ်ရီကားကို ဝင်တိုက်မိတာမျိုးပါ” ဟု ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ဖယ်ရီကားပေါ်တွင်လိုက်ပါလာသည့် စက်ရုံဝန်ထမ်း (၃၀)ကျော်အနက် အမျိုးသား(၁၁)ဦးနှင့် အမျိုးသမီး (၂၀)ဦးမှာ ထိခိုက်ဒဏ်ရာ အနည်းငယ်သာရရှိခဲ့ပြီး အသက်(၃၀)နှစ်အရွယ် အမျိုးသမီးတွင် ပြင်းထန်သော ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“ဖယ်ရီကားပေါ်မှာက လူပေါင်း(၃၀)ကျော်ပါတယ်။ စုစုပေါင်းထိခိုက်ဒဏ်ရာရတာကတော့ (၃၂)ယောက်ပေါ့။ တစ်ယောက် တလေပဲ လွတ်တာပါ။ အမျိုးသမီးတစ်ဦးကတော့ ဦးခေါင်းထိခိုက်ဒဏ်ရာရတဲ့အတွက် စိုးရိမ်ရတဲ့အခြေအနေပေါ့။ ကျန်တဲ့လူတွေက သိပ်စိုးရိမ်ရတဲ့အခြေအနေတော့မဟုတ်ပါဘူး။ အကြံပြုချင်တာတော့ ဘယ်ယာဉ်မောင်းပဲဖြစ်ဖြစ် ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆင်ဆင်ခြင်ခြင်မောင်းကြဖို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထိခိုက်ဒဏ်ရာများရရှိသူများအား လူမှုကူညီရေးအသင်းများစုပေါင်းကာ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပလတ်စတစ်ဆပ်ပြာခွက်များဖြင့်ထည့်၍ သိုဝှက်သယ်ဆောင်လာသည့် ငွေကျပ်(၁)ဘီလျံကျော်တန်ဖိုးရှိ ဘိန်းဖြူများ မန္တလေး၌ ဖမ်းဆီးရမိ
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း