ရန်ကုန်မြို့၌ အိမ်စီးကားမှ တက္ကစီအား ဝင်တိုက်မိခဲ့ရာမှ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဇန်နဝါရီ ၁၂
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်တွင် အိမ်စီးကားမှ တက္ကစီအား ဝင်တိုက်မိခဲ့ရာမှ အမျိုးသား(၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၁၁ ရက်)၊ ည ၁၀နာရီ ၂၀မိနစ်အချိန်တွင် အင်းစိန်မြို့နယ်၊ မြို့သစ်ဈေးအနီး၊ ဘုရင့်နောင် လမ်းမပေါ်၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“တက္ကစီက ဘုရင့်နောင်ဘက်ကနေ မြို့သစ်ဈေးဘက်ကို ခရီး သည်တင်ပြီး မောင်းလာတာ အကွေ့မှာ အိမ်စီးကားနဲ့တိုက်မိတာပါ။ တိုက်မိတာကလည်း တက္ကစီကအကွေ့ကို ဖြတ်အကွေ့မှာ အိမ်စီးကားက ဝင်လာပြီး တက္ကစီရဲ့ခါးလယ်လောက်ကို ဖြတ်တိုက်မိတာပေါ့”ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် တက္ကစီပေါ်၌ လိုက်ပါလာသည့် အသက်(၄၀)နှစ်ဝန်းကျင် ယာဉ်မောင်းအမျိုးသားနှင့် အသက် (၂၆)နှစ်အရွယ် ခရီးသည်အမျိုးသားတို့သည် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။
“တက္ကစီယာဉ်မောင်းက ခေါင်းပေါက်တယ်။ ပါးမှာ မှန်ကွဲစရှတယ်။ ခရီးသည် အမျိုးသားကတော့ လက်ဖျံရိုးကျိုးသွားတယ်။ ပါးလည်း မှန်ကွဲစရှသွားတယ်။ အိမ်စီးကားကတော့ လူထိခိုက်မှုမရှိခဲ့ဘူး။ ကားတွေတော့ တော်တော်ပျက်စီးသွားတယ်။ အဲဒီနေရာက ဖြစ်လေ့ရှိတယ်။ လမ်းမီးတွေကလည်းပြတ်တော့ အရင်ကဆို ခဏခဏဖြစ်တယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာဒဏ်ရာရရှိသူ အမျိုးသား(၂)ဦးအား တွဲလက်လူမှုကူညီရေးအသင်းနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ရန်ကုန်မြို့တွင် ယာဉ်တိုက်မှုများ မကြာခဏဖြစ်ပွားလျက်ရှိရာ ယာဉ်မောင်းသူများအနေဖြင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ မောင်းနှင်ကြရန်နှင့် အရှိန်လျော့၍ မောင်းနှင်ကြရန် အထက်ပါလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပြည်တွင်းနှင့် ပြည်ပက ၂၄ နာရီအတွင်းဖြစ်ပွားခဲ့တဲ့ သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း