ငွေကျပ် (၁ ဒသမ ၇) ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှုနှင့်အတူ ကျူးလွန်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းမည်
Pearl (NSS) - ဇန်နဝါရီ ၁၁
ငွေကျပ် (၁ ဒသမ ၇) ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ဖမ်းဆီးရမိမှုနှင့်အတူ ကျူးလွန်သူများ၏ ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မူး ယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါ မူးယစ်ဆေးဝါးများကို ပြီးခဲ့သော ဇန်နဝါရီလ (၃) ရက်၊ နံနက် ၁၀ နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် အဆိုပါ မရမ်းချောင်ကျေးရွာအနီးတွင် ပဲခူးမှ ကော့သောင်းသို့ သူရဝင်းမောင်းနှင်ပြီး ၎င်း၏ဇနီး မအေးသန္တာအောင် နှင့် မဖူးဖူးဝေ တို့လိုက်ပါလာသည့် LANDCRUISER PRADO မော်တော်ယာဉ်ကို သတင်းအရရှာဖွေစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ စစ်ဆေးရာ ယာဉ်ပေါ်မှ ဒေသကာလတန်ဖိုး ငွေကျပ် (၁ ဒသမ ၇) ဘီလျံကျော်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၈ ဒသမ ၅၆ သိန်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်များအရ ဇန်နဝါရီလ ၄ ရက်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင် ပူးပေါင်းပါဝင်သူများဖြစ်သည့် ကိုရှည်(ခ)ကျော်ထက်အား ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက်တွင် လည်းကောင်း၊ ခင်ဇော်မြင့် အား ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်တွင် လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့သည်ဟု ရဲတပ်ဖွဲ့မှ အသိပေးထားသည်။
ထို့ပြင် သူရဝင်း နှင့် မအေးသန္တာအောင်တို့နေထိုင်သည့် ထားဝယ်မြို့၊ ဗျောတောဝရပ်ကွက်ရှိ နေအိမ်မှ စိတ်ကြွရူးသွပ် ဆေးပြားများ သယ်ဆောင်ရောင်းဝယ်ရာတွင်အသုံးပြုသည့် TOYOTA FJ CRUISER မော်တော်ယာဉ် ၁ စီး၊ မော်တော်ဆိုင် ကယ် ၂ စီးနှင့် မူးယစ်ဆေးဝါးသယ်ဆောင်ရောင်းဝယ်ရာမှရရှိသည့် ငွေကျပ် ၇၉ ဒသမ ၈၅ သိန်း၊ ထိုင်းဘတ်ငွေ ၆၀၀၀ ဘတ်၊ ရွှေထည်ပစ္စည်းမျိုးစုံ ၃၉ မျိုး(တန်ဖိုးငွေ ၉၃၄ သိန်းကျပ်ခန့်)တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ တနင်္သာရီတိုင်း ၊ ကော့သောင်းသို့ သယ်ဆောင်ရောင်းဝယ်ခြင်း ဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက် စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ အမှုတွင် ဆက်စပ်ပါဝင်သူများပိုင်ဆိုင်သည့် ရွှေ၊ ငွေ၊ အဖိုးတန်ပစ္စည်းများနှင့် ပိုင်ဆိုင်မှုများကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေးအတွက် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေဖြင့် ဆက်လက်အရေးယူမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာအိုနိုင်ငံက အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ယူချိန်၌ ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းများကို နစက ဥက္ကဋ္ဌ နှင့် အာဆီယံအထူးကိုယ်စားလှယ်တို့ ဆွေးနွေး
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း