ရန်ကုန်-မန္တလေးအမြန်လမ်းတွင် ကားတစ်စီး ရှေ့ဘီးပေါက်ကာ လမ်းလယ်သစ်ပင်အား ဝင်တိုက်မှုကြောင့် ယာဉ်မောင်းသေဆုံး
သန့်ဇင် (NSS) - ဇန်နဝါရီ ၆
နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် Kluger အမျိုးအစားကားတစ်စီး ရှေ့ဘီးပေါက်ကာ လမ်းလယ်သစ်ပင်အား ဝင်တိုက်မှုကြောင့် ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုသည် ယမန်နေ့(ဇန်နဝါရီလ ၅ ရက်)၊ မွန်းလွဲ ၃နာရီ ၂၀မိနစ်အချိန်တွင် ဒက္ခိဏသီရိမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ်(၁၈၄)မိုင်၊ ၄ဖာလုံနှင့် ၅ဖာလုံအကြား၌ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“ရန်ကုန်ဘက်မှ နေပြည်တော်ဘက်ကို မောင်းလာတဲ့ ကားပေါ့နော်။ ကားရဲ့ ဘယ်ဘက်ရှေ့ဘီးကပေါက်ပြီး အရှိန်ကများတာနဲ့ဆိုတော့ လမ်းလယ်က ထန်းပင်နဲ့ ခရေပင်ကိုဝင်တိုက်တာပါ”ဟု ပလွေးအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် Kluger အမျိုးအစားကားပေါ်၌လိုက်ပါလာသည့် အသက်(၄၄)နှစ်အရွယ် ယာဉ်မောင်းအမျိုးသား၏ ဦးခေါင်းထိခိုက်ဒဏ်ရာပြင်းထန်စွာရရှိခဲ့သဖြင့် နေပြည်တော်ကုတင်(၁၀၀၀)ဆေးရုံကြီးသို့ ပို့ဆောင်နေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားပေါ်မှာက ယာဉ်မောင်းအမျိုးသားတစ်ယောက်ပဲပါတာပါ။ ကားကရှိန်နဲ့ သစ်ပင်ဝင်တိုက်တော့ ခေါင်းထိပြီး သွေးထွက်လွန်နေတာ။ ပရဟိတအသင်းကားနဲ့ နေပြည်တော်ဆေးရုံကြီးပို့နေတုန်း လမ်းမှာပဲ ဆုံးသွားတာပါ” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားအလောင်းအား ရွှေဂုံသုခပရဟိအသင်းမှ နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
“ဒီ ၁၈၄ မိုင်ဆိုတဲ့နေရာက အကွေ့ကြီးဆိုတော့ အရှိန်ထိန်းမောင်းစေချင်တယ်။ ယာဉ်ရဲ့ကြံ့ခိုင်မှုကို စစ်ဆေးပြီးမှ မောင်းစေချင်တယ်။ ခုလိုတွေဖြစ်တယ်ဆိုတာလည်း လမ်းရဲ့လိုအပ်ချက်နဲ့ လူရဲ့လိုအပ်ချက်တွေကြောင့် ဖြစ်တာများတယ်ပေါ့နော်။ အခြားနေရာတွေ ဆိုရင်လည်း ခရီးသည်တင်ကားအပြင် အခြားကားပဲဖြစ်ဖြစ်ပေါ့ ယာဉ်မောင်းအိပ်ငိုက်ပြီးဖြစ်တာတွေရှိတော့ ဂရုစိုက်စေချင်တယ်”ဟု အထက်ပါအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက အကြံပြုပြောကြားထားသည်။
အလားတူ ပြီးခဲ့သော ဇန်နဝါရီလ ၄ ရက်တွင်လည်း ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် ၁၃၁ မိုင်အနီး၌ အိမ်စီးကားမှ ရှေ့တွင် မောင်းနှင်နေသည့် ကားတစ်စီးအား ဝင်တိုက်မှုကြောင့် လူ(၅)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဒကစ(လောက်ကိုင်) လက်နက်ချခဲ့ခြင်းနှင့်ပတ်သက်၍ တပ်မှူးများအနေ ဖြင့် အကောင်းဆုံးစဉ်းစားခဲ့ကြောင်း နစကပြောခွင့်ရဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း