မန္တလေး-ပြင်ဦးလွင်လမ်း၌ ကားတစ်စီးအရှိန်လွန်ကာ လမ်းဘေးသစ်ပင်ဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံး
သန့်ဇင်(NSS) - ဇန်နဝါရီ ၄
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင်လမ်း၌ ကားတစ်စီးအရှိန်လွန်ကာ လမ်းဘေးသစ်ပင်ကို ဝင်တိုက်မှုကြောင့် အမျိုးသားတစ်ဦးပွဲချင်းပြီး သေဆုံးကာ (၂)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဇန်နဝါရီလ ၄ရက်)၊ မွန်းလွဲ ၁နာရီ ၅၀မိနစ်အချိန်တွင် ပုသိမ်ကြီးမြို့နယ်၊ မန္တလေး-ပြင်ဦးလွင် အတက်လမ်း၊ သမ္မတောရွာနှင့် သန့်စင်ကုန်းရွာကြား၌ အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“အရှိန်လွန်ပြီး လမ်းဘေးကသစ်ပင်ကို ဝင်တိုက်တာပါ။ ကားက မျက်နှာကျက်ကျောက်ပြားတွေ တင်လာတဲ့ကားပါ။ ကားခေါင်းခန်းထဲမှာပဲ လိုက်လာတဲ့လူ (၃)ယောက်ပါတာ။ အလယ်ကတစ်ယောက်ကတော့ ပွဲချင်းပြီးဆုံးသွားတယ်” ဟု မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မန္တလေးတိုင်းမှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်တွင် ကားပေါ်၌လိုက်ပါလာသည့် အမျိုးသား(၃)ဦးအနက် အသက်(၃၁)နှစ်အရွယ် အမျိုးသားသည် မျက်နှာပွင့်ထွက်ဒဏ်ရာ၊ ဝမ်းဗိုက်ကွဲဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ကားပေါ်မှာ အလယ်က ထိုင်လိုက်လာတဲ့တစ်ယောက်က ပွဲချင်းပြီးသေတယ်။ ကားက သစ်ပင်ကိုတည့်ကြီးဝင်တိုက်တော့၊ ကားမှန်နဲ့မျက်နှာနဲ့ရိုက်မိတဲ့ပုံစံပေါ့။ ကျန်တဲ့နှစ်ယောက်ထဲက တစ်ယောက်ကတော့ ဘယ်ဘက်နဖူးနဲ့ ခြေထောက်ကျိုးတယ်။ နောက်တစ်ယောက်တော့ ကျွန်တော်တို့ မရောက်ခင်ကတည်းက ဆေးရုံပို့လိုက်တော့ မမှီလိုက်ဘူးပေါ့။ အဲဒီ(၂)ယောက်ကလည်း ကားထဲမှာညှပ်နေလို့ ကရိန်းကား(၂)စီးနဲ့ ဆွဲထုတ်လိုက်ရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် သေဆုံးသူအမျိုးသားနှင့် ထိခိုက်ဒဏ်ရာရရှိသူအား မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအသင်းမန္တလေးနှင့် အခြားလူမှုကူညီရေးအသင်းများ ပူးပေါင်း၍ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
မန္တလေး-ပြင်ဦးလွင်လမ်းတွင် ယာဉ်မတော်တစ်ဆမှုဖြစ်စဉ်များ မကြာခဏဖြစ်ပွားလျက်ရှိရာ လမ်းအသုံးပြုမောင်းနှင်သူများအနေဖြင့် လမ်းကွေ့များ၌ အရှိန်လျော့ကာ မောင်းနှင်ကြရန်နှင့် အရက်သေစာသောက်စား၍ မောင်းနှင်ခြင်းများမပြုလုပ်ကြရန် အထက်ပါလူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးက အကြံပြုပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဇန်နဝါရီလ ၄ ရက်အတွက် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း