မန္တလေးမြို့တွင် သဲတင် FAW ကားနှင့်ဆိုင်ကယ်တို့ တိုက်မိရာမှ သားအမိ(၂)ဦးထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - ဒီဇင်ဘာ ၃၀
မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင် သဲတင် FAW ကားနှင့်ဆိုင်ကယ်တို့ တိုက်မိရာမှ သားအမိ(၂)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မဏီစလလူမှုကူညီရေးအသင်းထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(ဒီဇင်ဘာလ ၃၀ ရက်)၊ နံနက် ၅ နာရီအချိန်တွင် မဟာအောင်မြေမြို့နယ်၊ ၈၄ လမ်းနှင့် ၄၁ လမ်းကြားတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
“ဆိုင်ကယ်(၂)စီးနဲ့ သဲတင်တဲ့ကားတိုက်ကြတာ။ ဆိုင်ကယ်တစ်စီးကတော့ တိုက်ပြီးပြီးချင်းပဲ ဆိုင်ကယ်ထူပြီး မောင်းထွက်သွားတယ်လို့ သိရတယ်။ နောက်ဆိုင်ကယ်တစ်စီးက ကျန်ခဲ့တယ်။ အဲဒီတစ်စီးမှာ သားအမိ(၂)ဦးစီးလာတာ။ ဈေးသွားတဲ့ ဆိုင်ကယ်ပေါ့” ဟု မဏီစလ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူ တစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်တွင် အသက်(၁၈)နှစ်အရွယ် အမျိုးသား နှင့် အသက်(၄၀)နှစ်အရွယ် အမျိုးသမီးတစ်ဦးတို့တွင် ပွန်းပဲ့ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
“ဆိုင်ကယ်မောင်းတဲ့ ကောင်လေးက ခြေထောက်ကျိုးသွားတယ်။ အမျိုးသမီးကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲရတာ။ ဆိုင်ကယ်ကတော့ ဒူးကာတွေတော်တော်လေးကွဲသွားတာပေါ့” ဟု ၎င်းကဆက်လက်ပြောသည်။
ထို့ကြောင့် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် သားအမိ(၂)ဦးအား မဏီစလလူမှုကူညီရေးအသင်းမှ မန္တလေးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
“သဲကားတွေကမောင်းရင်အရှိန်အရမ်းများတယ်။ အလုပ်သွား၊ အလုပ်ပြန်ချိန် လူရှုပ်ရင်လည်း အရှိန်မလျှော့ပဲ မောင်းတော့ ခုလိုတွေဖြစ်တာပေါ့။ အရင်ရက်ကလည်း သဲကားနဲ့ဆိုင်ကယ်နဲ့တိုက်ပြီး ဆိုင်ကယ်သမားခေါင်းအနင်းခံရပြီး ပွဲချင်းပြီး သေသွားဖူးတယ်။ ပြောချင်တာက သဲကားတွေကို အရှိန်လျှော့မောင်းစေချင်တယ်”ဟု အထက်ပါအသင်းမှ တာဝန်ရှိသူ တစ်ဦးက အကြံပြုပြောကြားထားသည်။
အလားတူ ပြီးခဲ့သော ဒီဇင်ဘာလ ၂၀ ရက်ကလည်း မဟာအောင်မြေမြို့နယ်၌ သဲတင် FAW ကားနှင့် ဆိုင်ကယ်တို့တိုက်မိခဲ့ရာ အမျိုးသားတစ်ဦးပွဲချင်းသေဆုံးသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်း ပြည်တွင်းနှင့် ပြည်ပက သတင်းထူးများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း