အင်ဒိုနီးရှားနိုင်ငံရှိ နီကယ်ထုတ်လုပ်သည့်စက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အနည်းဆုံးလူ(၁၂)ဦး သေဆုံး
Pika (NSS) - ဒီဇင်ဘာ ၂၄
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်းရှိ တရုတ်ကရန်ပုံငွေထောက်ပံ့ပေးထားသော နီကယ်ထုတ်လုပ်သည့်စက်ရုံတွင် ဒီဇင်ဘာလ (၂၄)ရက်က ပေါက်ကွဲမှုများဖြစ်ပွားခဲ့ရာ အနည်းဆုံးလူ(၁၂)ဦးသေဆုံးခဲ့ပြီး အခြားလူ(၃၉)ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း စက်ရုံတာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါပေါက်ကွဲမှုသည် Sulawesi ပြည်နယ်အလယ်ပိုင်း Morowali စက်မှုဇုန်ရှိ Indonesia Tsingshan Stainless Steel ကုမ္ပဏီပိုင်ဆိုင်သည့် စက်ရုံတွင် ဒီဇင်ဘာလ(၂၄)ရက် နံနက်(၅)နာရီ ၃ဝ မိနစ်အချိန်က ဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း စက်ရုံပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့သည်။
ပြောရေးဆိုခွင့်ရှိသူ Dedy Kurniawan က "ဒီပေါက်ကွဲမှုအတွင်းမှာ အနည်းဆုံးလူ(၁၂)ဦး သေဆုံးခဲ့ပြီး အခြား လူ(၃၉)ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရရှိသူတွေအားလုံးကို ဆေးရုံကိုပို့ဆောင်ခဲ့ပြီး ဆေးကုသမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေပါတယ်" ဟု ပြောခဲ့သည်။
အဆိုပါပေါက်ကွဲမှုအတွင်း သေဆုံးခဲ့သူများမှာ အင်ဒိုနီးရှားနိုင်ငံသား(၇)ဦး နှင့် နိုင်ငံခြားအလုပ်သမား (၅)ဦးတို့ ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော်လည်း နိုင်ငံခြားအလုပ်သမား(၅)ဦးမှာ မည်သည့်နိုင်ငံသားများဖြစ်သည်ဆိုသည့်အချက်ကို ရေးသားဖော်ပြထားခြင်းမျိုး မရှိကြောင်း သိရသည်။
အစောပိုင်းစုံစမ်းစစ်ဆေးမှုများအရ ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းအရင်းမှာ မီးဖိုတစ်ခုအတွင်းသို့ မီးလောင် လွယ်သောအရည်တစ်ခု ကျသွားကာ ပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက်အနီးရှိ အောက်ဆီဂျင်ကန်များ ထပ်မံ ပေါက်ကွဲခဲ့ခြင်းကြောင့်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
သို့သော်လည်း ဒီဇင်ဘာလ(၂၄)ရက် နံနက်ပိုင်းတွင် အောင်မြင်စွာမီးငြိမ်းသတ်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။ အဆိုပါဖြစ်ရပ်ကြောင့် စိတ်မကောင်းဖြစ်မိကြောင်း နှင့် သေဆုံးသူအားလုံး၏ ရုပ်အလောင်းများကို ၎င်းတို့၏ နေအိမ်သို့ ပြန်လည်ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း စက်မှုဇုန်ကိုလည်ပတ်နေသည့်ကုမ္ပဏီက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကစားပွဲများကို စည်းစည်းလုံးလုံးနှင့်စိတ်အေးအေးထား ကစားကြရန် အသင်းကစားသမားများကို မန်ယူနည်းပြ တိုက်တွန်း
RELATED POSTS
25 Nov 2024 | မှုခင်း,ပြည်တွင်း
22 Nov 2024 | မှုခင်း,ပြည်တွင်း