ထိုင်းနိုင်ငံရှိ ခရိုင်(၈)ခုတွင် မြန်မာနိုင်ငံသားများအတွက် CI ထုတ်ပေးရေးစခန်းများ နှင့် Mobile Unit များကို လာမည့်နှစ်မှစတင်၍ ဖွင့်လှစ်ပေးမည်
ကျော် (NSS) - ဒီဇင်ဘာ ၂၁
ထိုင်းနိုင်ငံရှိ ခရိုင်(၈)ခုတွင် မြန်မာနိုင်ငံသားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) ထုတ်ပေးရေးစခန်းများ နှင့် Mobile Unit များကို လာမည့်နှစ် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ပထမပတ်မှစတင်၍ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း အလုပ်သမားဝန်ကြီးဌာနထံ မှ သိရသည်။
အလုပ်သမားဝန်ကြီးဌာနမှ ထိုင်းနိုင်ငံတွင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ ဥပဒေနှင့်အညီ Work Permit နှင့် ဗီဇာရရှိရေး၊ တရားဝင်အလုပ်သမားများ၏ အခွင့်အရေးများရရှိခံစားနိုင်ရေး၊ မြန်မာနိုင်ငံသို့ပြန်ရန်မလိုဘဲ ထိုင်းနိုင်ငံအတွင်း၌ အထောက်အထားရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ကြောင့် မြန်မာနိုင်ငံသားများ ကုန်ကျစရိတ်နှင့်အချိန် ကုန်သက်သာစေရန် CI စာအုပ်ထုတ်ပေးခြင်းလုပ်ငန်း စဉ်အားဆောင်ရွက်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့်အလုပ်သမားဝန်ကြီးဌာနမှ ဝန်ထမ်း ၄၀ ဦး နှင့် စီမံ ကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ဝန်ထမ်း ၁၃ ဦးတို့အား ထိုင်းနိုင်ငံသို့စေ လွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။
CI ထုတ်ပေးရေးစခန်းများအား စမုစခွန်ခရိုင်၊ စမုပရာကန်ခရိုင်၊ ဆူရတ်ဌာနီခရိုင်၊ ချွန်ဘူရီခရိုင်၊ ပထုန်ဌာနီခရိုင်တို့တွင် ဖွင့်လှစ်ပေးသွားမည်ဖြစ်ပြီး Mobile Unit များအား ဆုန်ခလာခရိုင်၊ ချင်းမိုင်ခရိုင် နှင့် နခွန်စဝမ်ခရိုင်တို့၌ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Mobile Team များဖွင့်လှစ်ခြင်းဖြင့် အလုပ်သမားများ လုပ်ငန်းခွင်မပျက် အထောက်အထားလျှောက်ထားနိုင်မည်ဖြစ်ပြီး အလုပ်ရှင်အနေဖြင့် လုပ်ငန်းခွင်ကိုအရှိန် အဟုန်မပြတ် ဆက်လက်လည်ပတ်နိုင်မည်ဖြစ်ကာ ပွဲစားများ၏အမြတ်ထုတ်မှုများကိုလည်း ကာကွယ်ပြီးဖြစ်၍ Mobile Team များကို အရေအတွက်များများဖွင့်လှစ်သွားမည်ဟု အလုပ်သမားဝန်ကြီးဦးမြင့်နောင်ကပြောကြားထားသည်။
"ကျွန်တော်တို့သိရသလောက်ဆိုရင် အခုလက်ရှိဖွင့်ဖို့လုပ်နေတဲ့ CI စခန်းတွေကို ထပ်တိုးပြီးဖွင့်ပေးသွားမယ်ကြားတယ်။ လတ်တလောကတော့ မြန်မာနိုင်ငံသားတွေနေတာအများဆုံးဖြစ်တဲ့ ခရိုင်တွေမှာစပြီးဖွင့်ဖို့လုပ်တာပေါ့။ CI ကိုဒီမှာပဲလုပ်လို့ရသွားတယ်ဆိုတာကောင်းတာပေါ့ဗျာ။ အရင်ကဆိုရင် CI လုပ်ဖို့ကို မြန်မာနိုင်ငံပြန်ရတဲ့အတွက် အလုပ်ကနေရက်ရှည်ခွင့်ယူရတယ်။ ခွင့်ယူရတဲ့အတွက် လစာရတာနည်းသွားတာပေါ့"ဟု ထိုင်းနိုင်ငံတွင် ရောက်ရှိအလုပ်လုပ်ကိုင်နေသည့် ကိုထူးကျော်က NSS ကိုပြောသည်။
CI ပြုလုပ်မည့် မြန်မာနိုင်ငံသားများသည် မိမိတို့ဖုန်းအ တွင်း၌ RMS Mobile Application ကိုထည့်သွင်းထားရမည်ဖြစ်ကာ ယင်း Application ၌ e-OWIC အချက်အ လက်များ၊ Passport (သို့မဟုတ်) CI အချက်အလက်များ၊ မိသားစုထံငွေလွှဲနိုင်ရန် ငွေလဲလှယ်နှုန်းများ၊ လုပ် ငန်းခွင်အခက်အခဲဖြစ်ပါက အကူအညီတောင်းခံခြင်းများ၊ သိသင့်သိထိုက်သည့် သတင်းအချက်အလက်များ၊ ငွေလွှဲခဲ့သည့်မှတ်တမ်းများအား ကြည့်ရှုနိုင်မည်ဖြစ် ကြောင်း သိရသည်။
ထိုင်းအလုပ်ရှင်များ၏ ထိုင်းအစိုးရထံအလုပ်သမား အမည်စာရင်းတင်သွင်းထားမှုအရ ယခုနှစ် ဇူလိုင်လ ၅ ရက်အထိ ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား (၉)သိန်းခန့်ရှိနေကြောင်း အလုပ်သမားဝန်ကြီးဌာန၏ အချက်အလက်များအရ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မုန်းမြို့မစျေးရှိ ဆိုင်ခန်းတစ်ခု၌ ဂတ်စ်အိုးပေါက်ကွဲရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းပေါင်း (၂၀၀)ကျော်ပျက်စီးဆုံးရှုံး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ