အစ္စရေးအစိုးရက လက်ဘနွန်နိုင်ငံကို ကျူးကျော်ဝင်ရောက်မှုများလုပ်ဆောင်ရန် အစီအစဉ်များရေးဆွဲနေကြောင်း မီဒီယာများဖော်ပြ
Pika (NSS) - ဒီဇင်ဘာ ၁၉
အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံကို ကျူးကျော်ဝင်ရောက်မှုများ လုပ်ဆောင်ရန် အစီအစဉ်များရေးဆွဲနေ ကြောင်း အစ္စရေးစစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဂျွန်နသန်ကွန်ရီးကတ်စ်၏ပြောဆိုချက်များကို ကိုးကားပြီး The Times နှင့် Newsweek သတင်းစာများက ဖော်ပြခဲ့သည်။
အစ္စရေးစစ်တပ်သည် ပြီးခဲ့သည့်သီတင်းပတ်များအတွင်း အစ္စရေးနိုင်ငံကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည့် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ရန် ရည်ရွယ်ချက် ဖြင့် ယခုကဲ့သို့လုပ်ဆောင်ရန် စီစဉ်နေခြင်းဖြစ်ကြောင်း မီဒီယာများက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် အောက်တိုဘာလ(၇)ရက်တွင် အစ္စရေးနှင့် ဟားမက်လက်နက်ကိုင်အဖွဲ့ကြား စစ်ပွဲစတင်ဖြစ်ပွားပြီး နောက်ပိုင်းတည်းက အစ္စရေးနှင့် လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုများ ပိုမိုတိုးမြင့်လာခြင်းဖြစ်ကြောင်း သိရသည်။
ဟားမက်လက်နက်ကိုင်အဖွဲ့က ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစ္စရေးဖက်မှ လူ(၁၂ဝဝ) ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ ထို့နောက် အစ္စရေးဖက်မှ လက်တုံ့ပြန်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ရာ ဂါဇာ ကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုး(၁၈၇ဝဝ)ကျော် သေဆုံးခဲ့ကြောင်း ဒေသတွင်းကျန်းမာရေးအရာရှိများ က ပြောကြားခဲ့သည်။
အစ္စရေး-ဟားမက်စစ်ပွဲစတင်ဖြစ်ပွားပြီးနောက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့သည် ဟားမက်လက်နက်ကိုင်အဖွဲ့ ကို ထောက်ခံကြောင်း ထုတ်ဖော်ပြောခဲ့သည်။ ထို့အပြင် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့အနေဖြင့် ဟားမက် လက်နက်ကိုင်အဖွဲ့ ရှုံးနိမ့်ခါနီး အချိန်များမှသာ ကြီးမားသော ထိုးစစ်ဆင်မှုများကို လုပ်ဆောင်လိမ့်မည်မဟုတ် ကြောင်း ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ခေါင်းဆောင် Hassan Nasrallah က ပြောကြားခဲ့သည်။
သို့သော်လည်း အစ္စရေးစစ်တပ်သည် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့၏ ခြိမ်းခြောက်မှုများကို လက်မခံနိုင်ကြောင်း ဆုံးဖြတ်ခဲ့ကြောင်းလည်း သိရသည်။ ထို့ကြောင့် အစ္စရေးစစ်တပ်သည် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို လက်ဘနွန်နိုင်ငံ မြောက်ပိုင်းရှိ လီတာနီမြစ်သို့ မောင်းထုတ်နိုင်ရန်အတွက် လက်ဘနွန်နိုင်ငံတောင်ပိုင်းကို ကျူးကျော်ဝင်ရောက်မှုများ လုပ်ဆောင်ရန် အစီအစဉ်များရေးဆွဲခဲ့ကြောင်း The Times သတင်းစာက ဖော်ပြခဲ့သည်။
ဂျွန်နသန်ကွန်ရီးကတ်စ် က "အစ္စရေးတောင်ပိုင်းမှာ နေထိုင်တဲ့ပြည်သူတွေကို စစ်ရေးအရခြိမ်းခြောက်တာမျိုးတွေ မရှိစေဖို့အတွက် ဂါဇာကမ်းမြောင်ဒေသမှာ ကျွန်တော်တို့ လုပ်ဆောင်နေသလိုပဲ လိုအပ်မယ်ဆိုရင် ဟစ်ဘိုလာ လက်နက်ကိုင်အဖွဲ့ကိုလည်း အဲဒီလိုပဲလုပ်ဆောင်သွားမှာပါ" ဟု ပြောခဲ့သည်။
အစ္စရေးအစိုးရသည် လက်ဘနွန်နိုင်ငံသို့ ကျူးကျော်ဝင်ရောက်မည့်အစီအစဉ်များ ဖြစ်နိုင်ခြေနှင့်ပတ်သက်ပြီး လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုခြင်းမျိုး မရှိသေးကြောင်း သိရသည်။ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု က "ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ဟာ အစ္စရေးစစ်တပ်ကို ဆန့်ကျင်တဲ့စစ်ပွဲကို စတင်ခဲ့မယ်ဆိုရင် လက်ဘနွန် မြို့တော် ဘေရွတ်မြို့ကိုလည်း ဂါဇာကမ်းမြောင်ဒေသလိုဖြစ်အောင် လုပ်ဆောင်သွားမှာပါ" ဟု သတိပေးပြောခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လူသားချင်းစာနာမှုအကူအညီလိုအပ်ချက်သည် (၁၉)ဆနီးပါးမြင့်တက်လာကြောင်း UNOCHA ပြော
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း