ထိုင်းနိုင်ငံသို့ မူးယစ်ဆေးဝါးများမှောင်ခိုတင်သွင်းရန် ကြိုးပမ်းသည့်အုပ်စု နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီး ရုပ်အလောင်း ၁၃ ဦးနှင့်အတူ မူးယစ်ဆေးဝါးများ တွေ့ရှိသိမ်းဆည်းနိုင်ခဲ့ဟုဆို
ဂျန်ဇက် (NSS) - ဒီဇင်ဘာ ၁၇
ထိုင်းနိုင်ငံ ချင်းရိုင်ပြည်နယ် မယ်ဖာလမ်ဒေသရှိ နယ်စပ်ဒေသတွင် ဒီဇင်ဘာ ၁၇ ရက် နေ့လည်ပိုင်းက ထိုင်းနိုင်ငံ ဘက်ခြမ်းသို့ မြန်မာနိုင်ငံဘက်ခြမ်းမှ မူးယစ်ဆေးဝါးများ မှောင်ခိုတင်သွင်းရန်ကြိုးပမ်းခဲ့သူ ၁၃ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့ နှင့် မူးယစ်မှောင်ခိုတင်ပို့ရန် ကြိုးပမ်းသောအုပ်စုကြား ဒီဇင်ဘာ ၁၆ ရက် ညပိုင်းက အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ၎င်းတို့သည် မြန်မာနိုင်ငံနယ်စပ်ဒေသဘက်ခြမ်းမှ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျောပိုး အိတ်များလွယ်ကာ လမ်းလျှောက်လာသည့်လူအုပ်စုတစ်ခုကို ဒီဇင်ဘာ ၁၆ ရက် ည ၇ နာရီကျော်က တွေ့ရှိခဲ့ ကြောင်း၊ အဆိုပါအဖွဲ့ကို စစ်ဆေးမှုများ ပြုလုပ်ရန်အတွက် ရပ်တန့်ရန်တောင်းဆိုခဲ့ကြောင်း ပြောသည်။
သို့သော်လည်း အဆိုပါမူးယစ်ဆေးဝါးများသယ်ဆောင်လာသော လူအုပ်စုသည် တောင်းဆိုချက်ကို လက်မခံဘဲ ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး ၅ မိနစ်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ထိုင်း Pha Muang နယ်ခြားစောင့်တပ်ဖွဲ့က ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့သည် ပစ်ခတ်မှုဖြစ်ပွားသည့်နေရာကို ချက်ချင်း သွားရောက်မစစ်ဆေးခဲ့ဘဲ ဒီဇင်ဘာ ၁၇ ရက် နံနက်ပိုင်းအထိ စောင့်ဆိုင်းခဲ့ပြီး သွားရောက်စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးမှောင်ခိုတင်သွင်းရန်ကြိုးပမ်းသူ ၁၃ ဦး၏ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ကြောင်း၊ ထိုင်းသတင်းတွင် ဖော်ပြထားသည်။
ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က ပစ်ခတ်မှုဖြစ်ပွားသောနေရာကို စစ်ဆေးရှာဖွေချိန်အတွင်း သေဆုံးနေသည့် ရုပ်အလောင်း ၁ဝ ဦးကို ကနဦးတွေ့ရှိခဲ့ပြီး နောက်ပိုင်းတွင်သေဆုံးနေသည့် လူသုံးဦး၏ ရုပ်အလောင်းကို ထပ်မံ တွေ့ရှိခဲ့ကြောင်း ပြောသည်။
ပစ်ခတ်မှုဖြစ်ပွားခဲ့သောနေရာအနီးတစ်ဝိုက်တွင်လည်း ကျောပိုးအိတ် ၁၃ လုံးကိုတွေ့ရှိခဲ့ပြီး၊ အိတ်ထဲတွင် ပါဝင်သောအရာများကို အသေးစိတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း ထိုင်းနယ်ခြားစောင့်တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ ဒီဇင်ဘာလ ၁၇ ရက်အတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း