ကူးစက်မြန်ရောဂါများကို အဓိကကုသရန် တည်ဆောက်နေသည့် Myanmar CDC စင်တာကို ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ဖွင့်လှစ်နိုင်ရန် မျှော်မှန်းထား
ယွန်း (NSS) - ဒီဇင်ဘာ ၁၂
ကိုဗစ်(၁၉) အပါအဝင် ကူးစက်မြန်ရောဂါများကို အဓိကကုသရန် တည်ဆောက်နေသည့် Myanmar CDC စင်တာ ကို လာမည့် ၂ဝ၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဖွင့်လှစ်နိုင်ရန် လျာထားကြောင်း ကျန်းမာရေးဝန်ကြီးဌာန၊ ကူးစက် ရောဂါတိုက်ဖျက်ရေးဌာနထံမှ သိရသည်။
ပြီးခဲ့သည့် ၂ဝ၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်အကောင်အထည်ဖော်ခဲ့သည့် မြန်မာနိုင်ငံရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာန နှင့် ကျန်းမာရေးဝန်ထမ်းသင်တန်းကျောင်း(Myanmar CDC)အား လာမည့်ဇန်နဝါရီလအတွင်းဖွင့်လှစ်ရန် လျာထားကြောင်း ကူးစက်ရောဂါတိုက်ဖျက်ရေးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာဉာဏ်ဝင်းမြင့်က အသိပေးပြော ထားသည်။
“အခုလက်ရှိမှာတော့ နိုဝင်ဘာလကုန်အထိကို (၈၅)ရာခိုင်နှုန်းလောက်ပြီးပါပြီ။ ဖွင့်လှစ်နိုင်မယ့်ရက်ကတော့ အတိအကျမသိနိုင်သေးပါ ဘူး။ ဒါပေမယ့် ဇန်နဝါရီလ တတိယပတ်နဲ့ စတုတ္ထပတ်လောက်မှာတော့ ဖွင့်လှစ်နိုင်ဖို့ မျှော်မှန်းထားပါတယ်။ ဖွင့်လှစ်ဖို့ကိုတော့ ကျန်းမာရေးဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံနဲ့ကတော့ ညှိနှိုင်းမှုတော့ လုပ်ရဦး မှာပေါ့” ဟု ဒေါက်တာဉာဏ်ဝင်းမြင့်က ပြောသည်။
Myanmar CDC ကို နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ဆောက်လျက်ရှိပြီး ယွမ်သန်း (၄ဝဝ) ခန့် တန်ဖိုး ရှိသည့် နိုင်ငံတကာ အဆင့်မီစီမံကိန်းတစ်ခုလည်းဖြစ်သည်။
အဆိုပါစင်တာတွင် ကိုဗစ်(၁၉)ရောဂါကဲ့သို့ ကူးစက်မြန်ရောဂါများ အပါအဝင် HIV၊ တီဘီနှင့် ငှက်ဖျားကဲ့သို့သော ရောဂါများကို ကုသ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
“Myanmar CDC စင်တာကတော့ ကိုဗစ်(၁၉)လို ကူးစက်မြန်ရောဂါတွေ၊ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေ အနေတွေ၊ တခြားကူးစက်ရောဂါတွေဖြစ်တဲ့ HIV၊ တီဘီ၊ ငှက်ဖျား၊ သွေးလွန်တုပ်ကွေးလိုရောဂါတွေကို ကုသပေး နိုင်မှာပါ။ ပြီးရင် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနအနေနဲ့ တရုတ်နိုင်ငံ အပါအဝင် အခြားနိုင်ငံတကာအဖွဲ့အစည်း တွေနဲ့ပူးပေါင်းပြီးတော့ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေ နဲ့ သုတေသနလုပ်ငန်းတွေကို ပိုပြီးတော့ ဆောင်ရွက်သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။
စီမံကိန်းကို မြန်မာ- တရုတ်နှစ်နိုင်ငံပူးပေါင်းကာဆောင်ရွက်နေခြင်းဖြစ်ပြီး တရုတ်နိုင်ငံရှိ CDC စင်တာ အပါအဝင် ရောဂါထိန်းချုပ်ရေးဌာနများ နှင့် ပိုမိုပူးပေါင်းနိုင်မည့် အလားအလာကောင်းများရှိနေကြောင်း သိရသည်။
အဆိုပါ Myanmar CDC စင်တာသည် နိုင်ငံတကာအဆင့်မီရောဂါထိန်းချုပ်နှိမ်နင်းရေး ဗဟိုဌာနတစ်ခုဖြစ်ပြီး (ဇီဝလုံခြုံမှုအဆင့်-၃) Biosafety Level- 3 အဆင့်အထိရှိသော ဓာတ်ခွဲခန်းများ အပါအဝင် နိုင်ငံတကာ အဆင့်မီ ဓာတ်ခွဲခန်းများ၊ ရောဂါထိန်းချုပ်နှိမ်နင်းရေး စနစ်များပါရှိသော (၃)ထပ် ရောဂါထိန်းချုပ်နှိမ်နင်းရေးအဆောက်အဦတို့ ပါဝင်ကြောင်း သိရသည်။
ထို့ပြင် သင်တန်းသား၊ သင်တန်းသူ (၄ဝဝ)ဦးခန့်ထားရှိ၍ လေ့ကျင့်သင်ကြားပေးနိုင်မည့် (၃)ထပ် ကျန်းမာရေး သင်တန်းကျောင်း အဆောက်အဦးနှင့် (၂)ထပ် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦးတို့လည်းပါရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
"ရွှေတိဂုံစေတီတော်ရဲ့ ဒေါ်လာတွေကို By Force နဲ့တောင် ယူခွင့်မရှိပါဘူး" ဂေါပကအဖွဲ့ဝင်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း
14 Nov 2024 | အထွေထွေ,နိုင်ငံတကာ