မြောက်ပိုင်းမဟာမိတ်(၃)ဖွဲ့ တိုက်ပွဲဖော်ဆောင်လျက်ရှိသော ရှမ်းမြောက်ဒေသကို တပ်ချုပ်သွားရောက်
ကျော် (NSS) - ဒီဇင်ဘာ ၁၁
မြောက်ပိုင်းမဟာမိတ် (၃)ဖွဲ့ တိုက်ပွဲဖော်ဆောင်လျက်ရှိသော ရှမ်းမြောက်ဒေသကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့ကြောင်း သတင်းရရှိသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ တပ်မတော်စခန်းများ၊ ရဲစခန်းများနှင့် မြို့/ရွာများအား အောက်တိုဘာလ ၂၇ ရက်မှစ၍ MNDAA၊ TNLA၊ AA ပူးပေါင်းအဖွဲ့မှ တိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။
ထို့ကြောင့် တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် မြို့/ရွာများတွင်နေထိုင်သူများသည် စစ်ဘေးလွတ်ကင်းသည့်နေရာများသို့ တိမ်းရှောက်လျက်ရှိရာ လားရှိုးမြို့ရှိ ဘုန်းတော်ကြီးကျောင်းများ၊ စာသင် ကျောင်းများ၊ ဘာသာရေးကျောင်းများ၊ ရုံး၊ အဆောက်အဦးများ၌ စစ်ဘေးရှောင်အိမ်ထောင်စု ၁၄၂၈ စုမှ မိသားစုဝင် ၄၉၂၂ ဦး ခိုလှုံနေထိုင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင်မိသားစုဝင်များအနက် လားရှိုးမြို့၊ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းတိုက်တွင် ယာယီနေထိုင်သူများအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်က ယမန်နေ့(ဒီဇင်ဘာလ ၁၀ ရက်)တွင် သွားရောက်တွေ့ ဆုံခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ဘေးရှောင်များအတွက် ငွေကျပ်သိန်း ၅၀၀၀၊ အဝတ်အထည် ၆၀၀၀ ကျော်၊ ဆန်နှင့်စားသောက်ဖွယ်ရာပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။
"မိမိတို့ရဲ့နေရပ်တွေကို အမြန်ဆုံးပြန်လည်နေထိုင်နိုင်ဖို့ ကြိုး ပမ်းဆောင်ရွက်ပေးသွားမှာဖြစ်သလို ပြန်လည်ရောက်ရှိချိန်မှာလည်း ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို အတူတကွ ဝိုင်း ဝန်းကြိုးပမ်းဆောင်ရွက်သွားကြရပါမယ်။ အစိုးရနဲ့တပ်မတော်က လိုအပ်တာတွေကို တတ်စွမ်းသရွေ့ ဖြည့်ဆည်းပေးသွားမှာပါ"ဟု တပ်ချုပ်က ပြောကြားခဲ့သည်။
တပ်ချုပ်၏ ရှမ်းပြည်နယ်ခရီးစဥ်နှင့်ပတ်သက်ပြီး နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက "နေရပ်စွန့်ခွာပြည်သူလူထုကို ကူညီစောင့်ရှောက်ပေးနေတဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ လူမှုရေးခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်း ဆောင်တွေ၊ ပရဟိတအဖွဲ့တွေကိုလည်း နိုင်ငံတော်၊ တပ်မတော်နဲ့ ပြည်သူလူထုတစ်ရပ်လုံးက အထူးကျေးဇူးတင်ရှိတာကို လေးလေးနက်နက်ပြောကြားလိုပါတယ်"ဟု ပြောကြားခဲ့သည်။
ထို့ပြင် နိုင်ငံတစ်ဝန်း၌ သဘာဝဘေးအန္တရာယ်ဖြစ်သည်ဖြစ်စေ၊ လူများဖန်တီးသည့် လက်နက်ကိုင်ပဋိပက္ခများကြောင့် ပြည်သူ လူထုဒုက္ခရောက်တိုင်းစောင့်ရှောက်ရသူများမှာ နိုင်ငံတော်အစိုးရ နှင့်တပ်မတော်ပင်ဖြစ်သည်ဟု နစကပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လက်နက်ကိုင်တိုက်ပွဲများဖြစ်နေမည်ဆိုပါက လူ့အခွင့်အရေးမှေးမှိန်အားနည်းနေမည်ဟု ဒုတပ်ချုပ် သတိပေး
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း