နစက၏ NSPNC နှင့် EAO (၇)ဖွဲ့အကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် သဘောတူညီမှုရရှိခဲ့ပြီး ယခုမတ်လ မကုန်ခင် ဆွေးနွေးမည်
မျိုးကြီး (NP News) - မတ် ၁၂
နစက၏ NSPNC နှင့် EAO (၇)ဖွဲ့အကြား အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် သဘောတူညီမှုရရှိခဲ့ပြီး ယခုမတ်လ မကုန်ခင် ဆွေးနွေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် RCSS၊ PNLO၊ ALP၊ DKBA၊ KNU/KNLA PC၊ LDU နှင့် NMSP (၇)ဖွဲ့တို့သည် NSPNC နှင့် အလွတ်သဘောတွေ့ဆုံဆွေးနွေးရန် ပြီးခဲ့သော လများအတွင်းက တောင်းဆိုထားသည်။
အလွတ်သဘောတွေ့ဆုံဆွေးနွေးရေးနှင့်ပတ်သက်၍ EAO (၇)ဖွဲ့သည် ယမန်နေ့က အစည်းအဝေးတစ်ရပ်ပြုလုပ်ခဲ့ ကြောင်းလည်း EAO (၇)ဖွဲ့၏အလွတ်သဘောဆွေးနွေးညှိနှိုင်းရေးအဖွဲ့မှ ပြောခွင့်ရ ဗိုလ်မှူးကြီး စောကျော်ညွန့်က NP News ကိုပြောသည်။
ပြည်တွင်းငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တရားဝင်ဆွေးနွေးပွဲများ မကျင်းပနိုင်ခင်အချိန်တွင် အလွတ်သဘော ဆွေးနွေးရေးအဖွဲ့များမှ နှစ်ဖက်စလုံးအတွက် အဆင်ပြေနိုင်မည့်အကြောင်းအရာများကို ဆွေးနွေးညှိနှိုင်းပြီးနောက် တရားဝင်ဆွေးနွေးပွဲများသို့ တက်လှမ်းနိုင်သည့် Joint Ownership ကို ပြန်လည်အကောင်အထည်ဖော်လိုကြောင်း ၎င်းက ဆိုသည်။
“အခုနပြောသလို တရားဝင်ထိပ်သီးဆွေးနွေးပွဲတွေ မလုပ်ခင်မှာ အလုပ်သဘောအလွတ်အဖွဲ့ တွေ့ဆုံညှိနှိုင်းရေး အဖွဲ့ကနေ ကြိုးပမ်းလုပ်သွားမယ့် Joint Process၊ Joint Ownership အခင်းအကျင်းတစ်ခုကို ဖော်ဆောင်နိုင်မယ့် အလွတ်သဘော ဆွေးနွေးမှုကိုတော့ ဒီလမကုန်ခင်မှာတော့ လုပ်နိုင်လိမ့်မယ်လို့ နှစ်ဖက်သဘောတူညီမှုအရ ကတော့ ရရှိထားတာ ရှိပါတယ်” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ပြောသည်။
အဆိုပါ အလွတ်သဘောတွေ့ဆုံဆွေးနွေးပွဲအတွင်း ပါတီစုံဒီမိုကရစီစနစ်ဖော်ဆောင်ရေးကိစ္စရပ်များ၊ ဖက်ဒရယ်နှင့် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မည့် ကိစ္စရပ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေးတည်ဆောက်မည့် ကိစ္စရပ်များ ကိုလည်း ထည့်သွင်းဆွေးနွေးသွားရန်ရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
“နှစ်ဖက်စလုံးအတွက် အဆင်ပြေနိုင်မယ့် အခင်းအကျင်းဖြစ်အောင်၊ ဆွေးနွေးမှုတွေဖြစ်အောင် ပြန်လည်ကြိုးပမ်း တဲ့ အလွတ်သဘောဆွေးနွေးပွဲကြလို့ရှိရင် ကျွန်တော်တို့အနေနဲ့ လေးလေးပင်ပင်ကိစ္စရပ်တွေကိုတော့ သိပ်မဆွေး နွေးသေးဘူးပေါ့။ နှစ်ဖက်ကြားထဲမှာ တစ်ဖွဲ့ချင်းစီသွားတုန်းကသော်လည်းကောင်း၊ ပြီးခဲ့တဲ့ NCA အကောင် အထည်ဖော်တဲ့ကာလမှာ သော်လည်းကောင်း ကျွန်တော်တို့ သဘောတူထားပြီးသားဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်တဲ့ ကိစ္စရပ်လိုမျိုး၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်မယ့် ကိစ္စရပ်လိုမျိုး၊ နောက်ပြီးတော့ ပြည်ထောင်စုငြိမ်းချမ်းရေးတည် ဆောက်မယ့်ကိစ္စရပ်လိုမျိုးကိုတော့ ပေါ့ပေါ့ပါးပါးလေး အစပျိုးပြီး တော့ ဆွေးနွေးသွားဖို့တော့ စဉ်းစားမှုရှိပါတယ်” ဟု ဗိုလ်မှူးကြီးစောကျော်ညွန့်က ဆိုသည်။
အဆိုပါ EAO (၇)ဖွဲ့သည် လက်ရှိ မြန်မာနိုင်ငံ၏အကြပ်အတည်းကို ကျော်လွှာနိုင်ရေးအတွက် သက်ဆိုင်သူများ အားလုံးပါဝင်သည့် နိုင်ငံရေးတွေ့ဆုံပွဲဖြစ်မြောက်ရန် ကြိုးပမ်းနေသည့် PPST အဖွဲ့တွင် ပါဝင်သော အဖွဲ့အစည်းများလည်း ဖြစ်သည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
တာမွေမြို့နယ်တွင် ဆေးခြောက်အဆီဖြင့် ချောကလက်မုန့်ပြုလုပ်ရောင်းချသူအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
Copyright © News Services Station | All Right Reserved