စစ်မှုထမ်းရန် ဆန္ဒပြုသော သာမန်ပြစ်မှုကျူးလွန်သည့် စစ်ပြေးများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်ဟု နစကကြေညာ
မျိုးကြီး (NSS) - ဒီဇင်ဘာ ၄
စစ်မှုထမ်းရန် ဆန္ဒပြုသော သာမန်ပြစ်မှုကျူးလွန်သည့် တပ်မတော်သားများကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးမည်ဟု နစကမှ ကြေညာလိုက်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ယမန်နေ့(ဒီဇင်ဘာလ ၃ ရက်)ညပိုင်းတွင် အထက်ပါကဲ့သို့ အသိပေးကြေညာလိုက်ခြင်းဖြစ်သည်။
လက်ရှိတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့် ရှောက်ပေးရန် အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများနှင့် PDF အဖွဲ့များကို ချေမှုန်းတိုက်ခိုက်လျက်ရှိကြောင်း နစကမှ ဆိုသည်။
ထိုသို့ ချေမှုန်းတိုက်လျက်ရှိရာတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် ခွင့်ပြုပါက တပ်မတော်တွင် ပြန် လည်တာဝန်ထမ်းဆောင်လိုကြောင်း ခွင့်မဲ့/စစ်ပြေးစစ်သည်များက ဆက်သွယ်တင်ပြဆန္ဒပြုမှုများရှိသည်ဟု နစက၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ကြောင့် သတ်မှတ်ကာလ နှင့် အကျုံးဝင်သည့် စစ်သည်များကို သက်ဆိုင်ရာ သို့မဟုတ် နီးစပ်ရာတပ်များတွင် ပြန်လည်လက်ခံပေးသွားမည်ဖြစ်ကြောင်း နှင့် စစ်မှုထမ်းဆောင်ရန် ဆန္ဒပြုသည့် သာမန်ပြစ်မှုကျူးလွန်သူ တပ်မတော်သားများကို ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ပေးသွားမည်ဟု ကြေညာထားသည်။
“ဒါကကောင်းပါတယ်။ တပ်ထဲမှာ တစ်ချို့ကိစ္စတွေက ဆိုးဆိုးဝါးဝါးမဟုတ်တဲ့ ကိစ္စတွေရှိတယ်လေ။ တစ်ချို့က ငွေလေးအနည်းငယ် အလွဲသုံးစားလုပ်မိလို့ အပြင်ရောက်သွားတာတွေရှိတယ်။ အခုနောက်ပိုင်းမှာက အရေးယူတာတွေကများတဲ့အခါကြတော့ ရှေ့တန်းမှာ တကယ်အားကိုးရတဲ့သူတွေက အပြင်ရောက်သွားတာများတယ်။ သူတို့ကလည်း အခုချိန်ထိ တပ်အပေါ်မှာ စိတ်မကုန်ကြဘူးပေါ့။ ဒါပေမယ့် စနစ်တ ကျစိစစ်ပြီးတော့ လုပ်ရမှာပေါ့။ ဘယ် case နဲ့ အပြင်ရောက်သွားတာလဲ ဆိုတာတော့ စိစစ်ရမှာပေါ့။ အမှုကကြီးတာလား၊ သေးတာလား။ နိုင်ငံတော်အတွက်ကို ထိခိုက်နိုင်တဲ့ အမှုတွေနဲ့ အပြင်ရောက်သွားတာလား စိစစ်ရမှာပေါ့။ စိစစ်ပြီးတော့ လက်ခံတာကောင်းပါတယ်”ဟု စစ်မှုထမ်းဟောင်းတစ်ဦးက NSS ကို သုံးသပ်ပြောကြားသည်။
လက်ရှိတွင် ရှမ်းပြည်နယ်အရှေ့မြောက်ဒေသများ၌ ကိုးကန့်အဖွဲ့ MNDAA၊ တအာင်းအဖွဲ့ TNLA နှင့် ရခိုင်အဖွဲ့ AA မဟာမိတ်(၃)သုံးဖွဲ့သည် ပြီးခဲ့သော အောက်တိုဘာလ ၂၇ ရက်မှစတင်ကာ တိုက်ပွဲများ ဖော်ဆောင်ခဲ့ပြီး ယခုအချိန်တွင်လည်း ပြင်းထန်စွာ ထိုးစစ်ဆင်လျက်ရှိသည်။
အလားတူ ရခိုင်လက်နက်ကိုင်အဖွဲ့ AA သည်လည်း နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ ရခိုင်ပြည်နယ်အတွင်း၌ တစ်ကျော့ပြန်စစ်ပွဲများကို ပြန်လည်ဖော်ဆောင်ခဲ့ကာ လက်ရှိအချိန်ထိ တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
ထို့ပြင် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းတို့တွင်လည်း တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင်ပူးပေါင်းအဖွဲ့များကြားတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဆင်းရဲနွမ်းပါးမှုအဆုံးသတ်စေရေးဆောင်ရွက်ရာ၌ မသန်စွမ်းသူများ၏ စွမ်းဆောင်နိုင်မှုကိုပါ ထည့်သွင်းစဥ်းစားရန် နစကဒုဥက္ကဋ္ဌ တိုက်တွန်း
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း