ဆင်းရဲနွမ်းပါးမှုအဆုံးသတ်စေရေးဆောင်ရွက်ရာ၌ မသန်စွမ်းသူများ၏ စွမ်းဆောင်နိုင်မှုကိုပါ ထည့်သွင်းစဥ်းစားရန် နစကဒုဥက္ကဋ္ဌ တိုက်တွန်း
ယွန်း (NSS) - ဒီဇင်ဘာ ၄
ဆင်းရဲနွမ်းပါးမှုအဆုံးသတ်စေရေး ဆောင်ရွက်ရာ၌ မသန်စွမ်းသူများ၏ စွမ်းဆောင်နိုင်မှုကိုပါ ထည့်သွင်းစဥ်းစားရန် နစကဒုဥက္ကဋ္ဌက အသိပေးပြောကြားထားသည်။
နစက ဒုဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒီဇင်ဘာလ(၃)ရက်တွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန-၂ ၌ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အခမ်း အနားတွင် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
မသန်စွမ်းသူများအနေဖြင့် ပညာရေး အပါအဝင် အလုပ်အကိုင်ရရှိရေး၊ ကျန်းမာရေးစောင့်ရှောက်မှု နှင့် လူမှုကာကွယ်စောင့်ရှောက်မှုများရရှိရေးအတွက် အခက်အခဲများကြုံတွေ့နေရပြီး ဆင်းရဲနွမ်းပါးမှုနှင့်ရင်ဆိုင်နေရကြောင်း နစကဒုဥက္ကဋ္ဌက ပြောသည်။
ထို့ကြောင့် ဆင်းရဲနွမ်းပါးမှုအဆုံးသတ်စေရေးဆောင်ရွက်ရာတွင် အားလုံးပါဝင်သည့် ဖွံ့ဖြိုးမှုမဟာဗျူဟာ Inclusive Development Strategies ကိုချမှတ်ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပြီး မသန်စွမ်းသူများ၏ အခွင့်အရေး၊ လိုအပ်ချက် နှင့် စွမ်းဆောင်နိုင်မှုများကိုလည်း ထည့်သွင်းစဥ်းစားရန် ဒုတပ်ချုပ်က တိုက် တွန်းပြောကြားထားသည်။
မသန်စွမ်းသူများ၏ (၈၅)ရာခိုင်နှုန်းသည် အလုပ်လက်မဲ့ဖြစ်ကြပြီး အလုပ်လုပ်ရန်ဆန္ဒ၊ စွမ်းဆောင်ရည်ရှိသော်လည်း အလုပ်ရှင်အများစုက ငြင်းပယ်ကြသည့်အတွက် ၎င်းတို့အနေဖြင့် အလုပ်ရရှိရန်၊ အလုပ်လုပ် ကိုင်နိုင်ရန် အခက်အခဲများရှိလာခဲ့ကြောင်း သိရသည်။
သို့ဖြစ်၍ ၎င်းတို့အား သင့်တော်သည့် အလုပ်အကိုင်ရရှိရေး၊ အတာအဆီးကင်းသည့် လုပ်ငန်းခွင်ဖြစ်ပေါ်ရေး၊ အခြားသူများ နှင့် တန်းတူကိုယ်ပိုင်ဝင်ငွေ နှင့် ခံစားခွင့်များရရှိရေးတို့ကို ဆောင်ရွက်ပေးရန် နစကဒုဥက္ကဋ္ဌက တိုက်တွန်းပြောကြားထားသည်။
“မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာအမျိုးသားကော်မတီ”ကို ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ အာဆီယံမဟာဗျူဟာလုပ်ငန်းစဉ် ၂၀၁၅ တို့နှင့်အညီ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာမဟာဗျူဟာ(၅)နှစ်စီမံကိန်း ၂၀၂၂-၂၀၂၇ ကို အတည်ပြုပြဋ္ဌာန်း အကောင်အထည်ဖော်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
မဟာဗျူဟာ (၅) နှစ်စီမံကိန်းတွင် မသန်စွမ်းသူများအတွက် ကျန်းမာရေး၊ ပညာရေး၊ လုပ်ငန်းနှင့် အလုပ်အကိုင်၊ လူမှုကာကွယ် စောင့်ရှောက်ရေး၊ သဘာဝဘေး နှင့် အခြားအရေးပေါ်အခြေအနေ၊ အလွယ်တကူ လက်လှမ်းမီရယူ အသုံးပြုနိုင်မှုစသည့် ကဏ္ဍစုံပါရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
၂၄ နာရီအတွင်းဖြစ်ပွားခဲ့သည့် ပြည်တွင်းနှင့် ပြည်ပက သတင်းများ
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း