နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တန်ဆောင်တိုင်ကာလ၌ ပြည်တွင်းခရီးသွားလာမှု မျှော်မှန်းထားသည်ထက် လျော့နည်းခဲ့
ယွန်း (NSS) - ဒီဇင်ဘာ ၃
နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တန်ဆောင်တိုင်ကာလ၌ ပြည်တွင်းခရီးသွားလာမှု မျှော်မှန်းထားသည်ထက် လျော့နည်းခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ပြောသည်။
ပြီးခဲ့သောတန်ဆောင်တိုင်ကာလ၌ မြန်မာနိုင်ငံအတွင်းတွင် ခရီးသွားလာရောက်လည်ပတ်မှု သိသာစွာလျော့နည်းခဲ့ပြီး ငပလီကမ်းခြေဒေသတွင် ခရီးစဉ်ဖျက်သိမ်းမှု (၉ဝ)ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။
“တန်ဆောင်တိုင်ပိတ်ရက်မှာ ခရီးသွားတွေက မူလကမျှော်မှန်းထားတာထက် နည်းပါတယ်။ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ ပြောလို့မရပေမယ့် ငပလီလိုနေရာမျိုးမှာတော့ (၉ဝ)၊ (၉၅)ရာခိုင်နှုန်းလောက် ခရီးစဉ်ဖျက်လိုက်တာတွေရှိ ပါတယ်။ အခန်းပြည့် ရောင်းချထားရာကနေ အကုန်နီးပါးဖျက်လိုက်တာမျိုးတွေ ရှိတယ်။ ကားလမ်းတွေပိတ်ပြီး သွားလာမှုတွေ ရပ်ဆိုင်းသွားတဲ့အတွက် လေကြောင်းနဲ့ပဲလာရတာဆိုတော့ ခရီးသည်နည်းသွားတယ်။ ခရီးစဉ် ဖျက်သိမ်းမှု (၉ဝ)ရာခိုင်နှုန်းလောက်ရှိတယ်လို့ ပြောလို့ရပါတယ်” ဟု ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန် က NP News ကို ပြောသည်။
အလားတူ တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အတွက်လည်း ခရီးစဉ်ဖျက်သိမ်းမှု (၇ဝ)ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း သိရသည်။
ခရီးစဉ်ဖျက်သိမ်းမှုများကြောင့် ခရီးသွားကုမ္ပဏီများ အပါအဝင် ဟိုတယ်များအနေဖြင့် နစ်နာမှုများရှိခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် ခရီးသွားများ အများဆုံးလည်ပတ်သည့်နေရာများသည် ချောင်းသာ၊ ငွေဆောင် အပါအဝင် ကမ်းခြေ ဒေသများနှင့် ပုဂံ၊ ပြင်ဦးလွင်၊ ကလော၊ ပင်းတယ တို့ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ပြည်တွင်းရှိ စစ်ကိုင်း၊ မကွေး၊ ကချင် နှင့် ကရင်တို့တွင် သွားရောက်လည်ပတ်စရာ နေရာများရှိသော်လည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ခရီးသွားလာရောက်လည်ပတ်မှုသည် နည်းပါးနေလျက်ရှိကြောင်း ဥက္ကဋ္ဌ ဦးနောင်းနောင်းဟန်က ဆက်လက်ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုရီးယားနိုင်ငံသို့ ရာသီချိန်လုပ်သားစေလွှတ်ရန်တင်ပြလာသည့် အေဂျင်စီ ၁၁ ခုရှိ
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း