မွန်ပြည်နယ်ရှိ တောင်ဝိုင်းတောင် တောင်တက်လမ်းလျှောက်ဘုရားဖူးရာသီကို ဒုတိယအကြိမ်အဖြစ် မနက်ဖြန်၌ဖွင့်လှစ်မည်
စော (NSS) - ဒီဇင်ဘာ ၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင် တောင်တက်လမ်းလျှောက်ဘုရားဖူးရာသီကို ဒုတိယအကြိမ်အဖြစ် မနက်ဖြန် (ဒီဇင်ဘာလ ၂ ရက်)၌ ဖွင့်လှစ်မည်ဖြစ်ကြောင်း သာသနာနွယ်ဖောင်ဒေးရှင်းထံမှ သိရသည်။
အဆိုပါ ဒုတိယအကြိမ်မြောက် တောက်တက်လမ်းလျှောက်ရာသီကို ဒီဇင်ဘာလ မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအထိ (၃)လ သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ (၃)လအတွင်းရှိ ပိတ်ရက်များတွင် နံနက် (၄)နာရီမှ နံနက် (၈)နာရီအထိ တာဝန်ရှိသူများ နှင့် တောင်ပေါ်ရှိဘုန်ကြီးကားများမှအပ ကျန်ကား၊ ဆိုင်ကယ်များကို တက်ရောက်ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။
“လမ်းက မနှစ်ကမှစဖွင့်လိုက်တာပါ။ ဒီနှစ်က ဒုတိယနှစ်မြောက်ပေါ့။ မော်လမြိုင်မှာ တောင်တက်လမ်းလျှောက်တာဝါသနာပါတဲ့ လူတွေလျှောက်ဖို့ပါ။ မြို့တွင်းလမ်းက အန္တရာယ်များတဲ့အတွက် ဒီမြို့ပြင်မှာလမ်းတစ်လမ်းခင်းပြီး လုပ်လိုက်တာပါ”ဟု သာသနာနွယ်ဖောင်ဒေးရှင်းမှ ဆရာတော်တစ်ပါးက NSS ကို မိန့်ကြားသည်။
၎င်း တောင်တက်လမ်းလျှောက်ရာသီကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်မှ စတင်ခဲ့ခြင်းဖြစ်ပြီး မော်လမြိုင်မြို့အပါအဝင် ကျိုက်မရောမြို့ ၊ မုတ္တမမြို့ နှင့် ဘီလူးကျွန်းစသည့် နေရာဒေသများရှိ လူများမှ လာရောက်လမ်းလျှောက်ခဲ့ကြောင်း သိရသည်။
“တောင်ပေါ်မှာလည်း အရမ်းသာယာလှပတယ်။ ဘုရားစေတီ၊ ပုထိုးတွေ၊ တိမ်ပင်လယ်တွေရှိတယ်။ နောက်ပြီး တောင်တက်လမ်းမှာလည်း အားကစားပစ္စည်းတွေ စီစဉ်ပေးထားတဲ့အတွက် ကျန်းမာရေးလိုက်စားရင်းနဲ့ ဘုရားဖူးလိုသူတွေ လာရောက်လည်ပတ်ကြပါ။ ဆိုင်ကယ်၊ ကားပါကင် အခမဲ့ပါ” ဟု ဆရာတော်က ထပ်မံမိန်းကြားသည်။
ထို့ပြင်စျေးသည်များအနေဖြင့် လမ်းလျှောက်သူများ အနှောက်အယှက်မဖြစ်စေရန်အတွက် ကွန်ကရစ်လမ်းပေါ်သို့တက်၍ စျေးရောင်းခွင့်မပြုသော်လည်း တောင်ခြေတွင် ရောင်းချနိုင်ကြောင်း သိရသည်။
သို့သော် ညှော်နံ့ထွက်သော အစားအသောက်များအပါအဝင် ၊ အရက်၊ ဘီယာများ ရောင်းချခွင့်မပြုကြောင်း သာသနာနွယ်ဝင်ဖောင်ဒေးရှင်းမှ အသိပေးထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကိုးကန့် BP(၁၂၅)စစ်ဘေးရှောင်စခန်းတွင် စားနပ်ရိက္ခာပြတ်လပ်နေမှုကို အချိန်တိုအတွင်းဖြေရှင်းသွားမည်ဟုဆို
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း