စင်ကာပူနိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာမီးငြှိမ်းသတ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲတွင် မြန်မာမီးသတ်တပ်ကြပ်ကြီးတစ်ဦး ပထမဆုံးအကြိမ်ဆုရရှိ
ယွန်း (NSS) - နိုဝင်ဘာ ၂၅
စင်ကာပူနိုင်ငံ၌ ကျင်းပသည့် နိုင်ငံတကာမီးငြှိမ်းသတ်ရေး နှင့် ရှာဖွေကယ်ဆယ်ရေးစွမ်းရည်ပြိုင်ပွဲ (Singapore-Global Firefighters & Paramedics Challenge (SGFPC 2023 )) တွင် မြန်မာမီးသတ်တပ်ကြပ်ကြီးတစ်ဦးက ပထမဆုံးအကြိမ်ဆုရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
စင်ကာပူမြို့ပြကာကွယ်ရေးတပ်ဖွဲ့(Singapore Civil Defense Force)၏ ဖိတ်ခေါ်မှုဖြင့် နိုဝင်ဘာလ (၂၀) ရက်မှ (၂၅)ရက်အထိ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အဆိုပါပြိုင်ပွဲတွင် မြန်မာနိုင်ငံမှပါဝင်ယှဥ်ပြိုင်ခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကယ်ဆယ်ရေးလုပ်ငန်း(၈)မျိုးကို သတ်မှတ်စည်းမျဥ်းများအတိုင်း ယှဥ်ပြိုင်ခဲ့ရပြီး ပထမဆုကို စင်ကာပူနိုင်ငံမှ လည်းကောင်း၊ ဒုတိယဆုကို မလေးရှားနိုင်ငံမှလည်းကောင်း၊ တတိယဆုကို မြန်မာနိုင်ငံမှလည်းကောင်း ရရှိခဲ့သည်။
အဆိုပါ စွမ်းရည်ပြိုင်ပွဲတွင်ပါဝင်သည့် တစ်ဦးချင်းနှင့် အဖွဲ့လိုက်ပြိုင်ပွဲများအား မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Braveheart(Individual) (၁)ဦးချင်း ပြိုင်ပွဲတွင်မီးသတ်တပ်ကြပ်ကြီး ထွန်းနေဝင်းက နိုင်ငံတကာမှမီးသတ်တပ်ဖွဲ့ဝင်များနှင့်ယှဉ်ပြိုင်ကာ နောက်ဆုံးအဆင့်(၄)ဦး ယှဥ်ပြိုင်ရန် ရွေးချယ်ခံရပြီးနောက် ယခုကဲ့သို့တတိယဆုကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“နိုင်ငံတကာက မီးသတ်တပ်ဖွဲ့ဝင်ပေါင်း(၂၈)ဦး ဝင်ပြိုင်တဲ့အထဲမှာ မြန်မာနိုင်ငံက တတိယဆုရတာပေါ့။ အရင်ကတော့ နိုင်ငံတကာ ပြိုင်ပွဲတွေ လုပ်တယ်။ ကိုဗစ်တွေဖြစ်တော့မလုပ်ဖြစ်တော့တာ ဒါကပထမဆုံးပြန်လုပ်တဲ့ပွဲပါ။ နိုင်ငံတကာပြိုင်ပွဲတွေမှာ မြန်မာအနေနဲ့ ပထမဆုံးရတဲ့ဆုပါ။ နိုင်ငံအတွက်လည်းဂုဏ်ယူတယ်။ မီးသတ်တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း ပြည်သူလူထုအန္တရာယ်နဲ့ကြုံလာရင် ကူညီနိုင်ဖို့ အမြဲ တမ်းလေ့ကျင့်နေပါတယ်”ဟု မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
ထိုသို့တတိယဆုရရှိခဲ့သည့် မြန်မာနိုင်ငံမှ မီးသတ်တပ်ကြပ်ကြီးထွန်းနေဝင်းသည် မိုခါမုန်တိုင်းနှင့်ပတ်သက်၍လည်း ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူ တစ်ဦးဖြစ်ကြောင်း သိရသည်။
ပြိုင်ပွဲတွင် စင်ကာပူနိုင်ငံ အပါအဝင် ယူကေ၊ သြစတြေးလျ၊ မကာအိုနိုင်ငံ နှင့် နိုင်ငံပေါင်း (၁၃)နိုင်ငံမှ မီးသတ်တပ်ဖွဲ့ဝင်ပေါင်း(၂၈)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနမှ သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရုရှားတပ်ဖွဲ့များက ယူကရိန်းမြို့တော်ကိယက်ဗ်ကို ကြီးမားသော ဒရုန်းတိုက်ခိုက်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း ယူကရိန်းစစ်ဘက်ပြော
RELATED POSTS
21 Nov 2024 | အထွေထွေ,ပြည်တွင်း
15 Nov 2024 | အထွေထွေ,ပြည်တွင်း