အပြုသဘောဆောင်သော မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရပြော
Pika (NSS) - နိုဝင်ဘာ ၂၅
မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်သည့် အပြုသဘောဆောင်သော ဆွေးနွေးပွဲများကို လက်ခံကျင်းပခဲ့ကြောင်း အင်ဒိုနီးရှားအစိုးရက နိုဝင်ဘာလ(၂၄)ရက်တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့တွင် နိုဝင်ဘာလ(၂၀)ရက်မှ (၂၂)ရက်အတွင်း ကျင်းပခဲ့သော ဆွေးနွေးပွဲတွင် ဒီမိုကရေစီလိုလားသောအဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် နစကဘက်မှ ပါဝင်ဆွေးနွေးသူများ တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ သို့သော် လည်း အင်ဒိုနီးရှားအစိုးရသည် နောက်ထပ်အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောဆိုခဲ့ခြင်းမျိုးမရှိခဲ့ကြောင်းသိရသည်။ အဆိုပါဆွေးနွေးပွဲကို NUG မှ တာဝန်ရှိသူများလည်း တက်ရောက်ခဲ့ကြောင်းသိရသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက "အဓိကရည်ရွယ်ချက်ကတော့ ပဋိပက္ခဖြစ်နေတဲ့အဖွဲ့အစည်းတွေအားလုံး ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတစ်ခုဖြစ်ဖို့၊ အကြမ်းဖက်မှုတွေ လျှော့ချဖို့ နဲ့ ပဋိပက္ခရဲ့အကျိုးသက်ရောက်မှုဒဏ်တွေခံခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ဘေးကင်းစွာ ကူညီပံ့ပိုးပေးနိုင်ဖို့ပဲဖြစ်ပါတယ်"ဟု ထုတ်ပြန်ပြောဆိုခဲ့သည်။
အဆိုပါဆွေးနွေးပွဲသည် မြန်မာ့အရေးနှင့်ပတ်သက်ပြီး အဖြေရှာနိုင်မည့် အားလုံးပါဝင်သော ဆွေးနွေးပွဲများဆီသို့ ဦးတည်သွားနိုင်မည်ဟု အင်ဒိုနီးရှားအစိုးရက မျှော်လင့်မိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ပြင် အားလုံးပါဝင်နိုင်သော ဆွေးနွေးပွဲများ မကြာမီအချိန်အတွင်း ကျင်းပနိုင်ခြေနှင့်ပတ်သက်ပြီး နှစ်ဖက်စလုံးမှ အပြုသဘောဆောင်သော အရိပ်အယောင်များကို ပေးခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သော အင်ဒိုနီးရှားနိုင်ငံသည် မြန်မာ့အရေးကို ဖြေရှင်းရန်အတွက် သံတမန်ရေးရာကြိုးပမ်းမှုများကိုဦးဆောင်ခဲ့ပြီး နစကနှင့်သဘောတူညီထားသည့် အချက်(၅) ချက်ပါ အစီအစဉ်များကို အကောင်အထည်ဖော်ရန်ကြိုးပမ်းခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရခိုင်ပြည်နယ်၌ ကျောင်းများပိတ်ထားခြင်းမရှိသော်လည်း ကျောင်းသားများအနေဖြင့် လုံခြုံရေးအရ ကျောင်းမတတ်နိုင်သည့်အခြေအနေများရှိနေ
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း