အင်းစိန်သံမဏိစက်ရုံအနောက်ဘက်တွင် ကမ်းကပ်ထားသည့်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ (၂)ဦး သေဆုံးခဲ့ပြီး (၃)ဦး ဒဏ်ရာရ
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၉
ရန်ကုန်တိုင်း၊ အင်းစိန်သံမဏိစက်ရုံအနောက်ဘက်တွင် ကမ်းကပ်ထားသည့်သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ(၂)ဦးသေဆုံးကာ (၃)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
သင်္ဘောမီးလောင်မှုသည် ယနေ့(နိုဝင်ဘာ ၁၉ ရက်)၊ နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်၊ သံမဏိစက်ရုံ အနောက်ဘက် မြစ်ကမ်းစပ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မီးလောင်တဲ့ သင်္ဘောက ကုန်တင်သင်္ဘောတစ်စီးလို့ သိရတယ်။ မီးလောင်မှုဖြစ်စဉ်က မသိရသေးပါဘူး။ သင်္ဘောတစ်စီးလုံးနီးပါး လောင်သွားတာပါ” ဟု တွဲလက်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြောသည်။
အဆိုပါသင်္ဘောမီးလောင်မှုကြောင့် သင်္ဘောပေါ်ရှိ လူ(၅)ဦးအနက် (၂)ဦးသေဆုံးကာ အမျိုးသား(၃)ဦး ထိခိုက် ဒဏ်ရာများ(စိုးရိမ်ရ) ရရှိခဲ့ကြောင်း သိရသည်။
“သေဆုံးသူက အမျိုးသားတစ်ဦးနဲ့ ကျား/မ အတည်ပြုလို့မရသေးတဲ့ အလောင်းတစ်လောင်းရှိတယ်။ အတည်ပြု လို့ မရဘူးဆိုတာက အလောင်းက ဂေါ်နဲ့ကော်ထုတ်ရလောက်တဲ့ထိ မီးလောင်သွားတာ။ မီးလောင်ထိခိုက်ဒဏ်ရာရတဲ့ အမျိုးသား(၃)ဦးလည်း ရှိတယ်။ (၂)ဦးကတော့ စိုးရိမ်ရတယ်။ မျက်နှာနဲ့ တစ်ကိုယ်လုံးလောင်ထားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
၎င်း သင်္ဘောမီးလောင်မှုတွင် သေဆုံးသူနှင့် ထိခိုက်ဒဏ်ရာရရှိသူများအား အင်းစိန်မြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးထားပြီး မီးလောင်မှုဖြစ်စဉ်အား သက်ဆိုင်ရာနှင့် မီးသတ်တပ်ဖွဲ့က စစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါသင်္ဘောမီးလောင်မှုသည် နေ့လည် ၁၂ နာရီ ၁၅ မိနစ်အချိန်ခန့်က စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေးအသင်းများက (၁၅)မိနစ်ခန့် မီးငြှိမ်းသတ်ခဲ့ရကြောင်းလည်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ့နိုင်ငံရေးသတင်းများနှင့် နိုင်ငံတကာက သတင်းထူးများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း