လွိုင်ကော်မြို့၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်၊ လွိုင်ကော်ခရိုင်တရားရုံး မီးရှို့ဖျက်ဆီးခံခဲ့ရ
မြူနစ် (NSS) - နိုဝင်ဘာ ၁၇
ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့ပြီး လွိုင်ကော်ခရိုင်တရားရုံး မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း သတင်းရရှိသည်။
ယနေ့(နိုဝင်ဘာလ ၁၇ ရက်) နံနက်ပိုင်းတွင် လွိုင်ကော်မြို့ရှိ အကျဉ်းထောင် နှင့် ခရိုင်တရားရုံးတစ်ဝိုက်တွင် တပ်မတော် နှင့် KNPP၊ PDF ပူးပေါင်းအဖွဲ့များကြား တိုက်ပွဲများဆက်လက် ပြင်းထန်ခဲ့ကြောင်း လွိုင်ကော်မြို့ခံများက ပြောသည်။
ပူးပေါင်းအဖွဲ့များသည် လွိုင်ကော်ခရိုင်တရားရုံးအနီးရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် ခရိုင်တရားရုံးကို မီးရှို့ဖျက်ဆီးသွားကြောင်း မြို့ခံတစ်ဦးက ပြောသည်။
“လွိုင်ကော်အကျဉ်းထောင် နဲ့ ခရိုင်တရားရုံးက သိပ်မဝေးဘူး။ အဲဒီနားတစ်ဝိုက်မှာတော့ ပစ်ခတ်မှုတွေ ဖြစ်တယ်။ မနက် ၁၀ နာရီလောက်မှာ ခရိုင်တရားရုံး မီးရှို့ခံလိုက်ရတယ်” ဟု လွိုင်ကော်မြို့ခံက ပြောသည်။
သို့သော် လွိုင်ကော်မြို့၌ ယနေ့ ညနေ ၃ နာရီနောက်ပိုင်းတွင် ပစ်ခတ်မှုများပြန်လည် ငြိမ်သက်လျက်ရှိကြောင်းလည်း ၎င်းက ထပ်မံပြောသည်။
ထို့ပြင် ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ဖြစ်ပွားနေဆဲဖြစ်သော တိုက်ပွဲများကြောင့် မြို့ခံအများစုသည် ရှမ်းပြည်နယ်တောင်ပိုင်းရှိ တောင်ကြီးမြို့အပါအဝင် နီးစပ်ရာမြို့များသို့ စစ်ဘေးရှောင်နေမှုများရှိကြောင်း သိရသည်။
“လွိုင်ကော်မြို့မှာ ရှိတဲ့လူတွေရဲ့ ၃ပုံ ၂ပုံလောက်က လုံးဝကို ထွက်သွားကြပြီ။ ကားတွေနဲ့၊ ဆိုင်ကယ်တွေနဲ့ ထွက်သွားကြတာ။ မြို့မှာကျန်ခဲ့တဲ့ လူတွေလဲ သိပ်မကြာခင်မှာ ထွက်မယ်လို့ထင်တယ်။ စစ်ဘေးရှောင်ဖို့ ရှမ်းပြည်နယ်ဘက်က စစ်ဘေးရှောင်စခန်းတွေကို သွားတော့လဲ အဲဒီဘက်မှာက လူတွေပြည့်နေတာနဲ့ လမ်းတစ်ဝက်မှာ သောင်တင်နေတာတွေလဲရှိတယ်။ တစ်ချို့ဆို လက်မခံကြတာတွေလည်း ရှိတယ်” ဟု လွိုင်ကော်မြို့ခံတစ်ဦးက ထပ်မံပြောသည်။
ပြီးခဲ့သော နိုဝင်ဘာလ ၁၄ ရက်တွင်လည်း KNPP၊ PDF ပူးပေါင်းအဖွဲ့များသည် လွိုင်ကော်တက္ကသိုလ်ရှိ လုံခြုံရေးအဖွဲ့ဝင်များကို ဝင်ရောက်တိုက်ခိုက်ပြီးနောက် လက်ရှိအချိန်ထိ ထိန်းချုပ်ထားကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ဘရာဇီးက တေလာဆွဖ်ရဲ့ “The Eras Tour” ဖျော်ဖြေပွဲကို Christ the Redeemer ရုပ်တုပေါ်မှာ ပုံရိပ်တစ်ခုထိုးပြီး ဖျော်ဖြေမည်
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း