မင်္ဂလာဒုံမြို့နယ်၌ YBS ယာဉ်တစ်စီး ဘရိတ်ပေါက်၍ အလှူခံမဏ္ဍာပ်အား ဝင်တိုက်ခဲ့ရာ လူတစ်ဦး ပွဲချင်းပြီးသေဆုံး
သန့်ဇင် (NSS) - နိုဝင်ဘာ ၁၇
ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်တွင် YBS ယာဉ်တစ်စီး ဘရိတ်ပေါက်၍ ကထိန်အလှူခံမဏ္ဍာပ်အားဝင်တိုက်မိခဲ့ရာ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ပုလဲအရန်မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယာဉ်တိုက်မှုသည် ယနေ့(နိုဝင်ဘာလ ၁၇ ရက်)၊ နံနက် ၁၁ နာရီအချိန်ခန့်တွင် မင်္ဂလာဒုံမြို့နယ်၊ အောင်မင်္ဂလာအဝေးပြေးဝန်းရှေ့ ကားမှတ်တိုင်အနီးတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“မြောက်ဥက္ကလာကနေ မင်္ဂလာဒုံဘက်ကိုမောင်းလာတဲ့ YBS 92 က ဘရိတ်ပေါက်ပြီး ပထမတော့ Probox တစ်စီးကို အရင်ဝင်တိုက်တာ။ အဲဒီကနေ ဓာတ်တိုင်ကိုဝင်တိုက်တယ်။ နောက်ဆုံးကျတော့ လမ်းဘေးမှာ ကထိန်အတွက် အလှူခံနေတဲ့ အလှူခံမဏ္ဍာပ်ကို ထပ်တိုက်မိတာပါ”ဟု ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ယာဉ်တိုက်မှုကြောင့် အလှူခံမဏ္ဍာပ်အတွင်းရှိ အသက်(၆၀)ကျော် အမျိုးသားတစ်ဦးမှာ ပွဲချင်းပြီးသေဆုံး၍ လူ(၄)ဦး ထိခိုက်ဒဏ်ရာများ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း သိရသည်။
“သေဆုံးသူ ဦးလေးကြီးက ကားအောက်ရောက်သွားတာဆိုတော့ ပွဲချင်းပြီးဆုံးသွားတယ်။ အစ်ကိုတို့လဲ အလောင်းကို YBS အောက်က ဆွဲထုတ်ပြီး ဆေးရုံပို့ပေးခဲ့တယ်။ နောက်ပြီး ထိခိုက်ဒဏ်ရာရတာက (၄)ဦးထိရှိတယ်လို့ သိရတယ်” ဟု ၎င်းကဆက်လက်ပြောသည်။
သေဆုံးသူအမျိုသားအား ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ မြောက်ဥက္ကလာပမြို့နယ်ရှိ မေဒါဝီဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ပြီး YBS ယာဉ်မောင်းအား သက်ဆိုင်ရာရဲစခန်း၌ ခေါ်ယူစစ်ဆေးလျက်ရှိကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
AA အဖွဲ့ ဝင်ရောက်မှုရှိခဲ့သော ပေါက်တောမြို့ကို ပြန်လည်ထိန်းချုပ်ထားကြောင်း နစကပြောခွင့်ရဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း