ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ရေယာဉ် ခရီးစဉ်များကို ယာယီရပ်နားကြောင်း ကြေညာ
စော (NSS) - နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသည့် ရွှေပြည်တန် အမြန်ရေယာဉ် ခရီးစဉ်များကို ယာယီရပ်နားကြောင်း ကြေညာလိုက်သည်။
ယနေ့ (နိုဝင်ဘာလ ၁၃ ရက်)၊ နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်၌ တစ်ကျော့ပြန်စစ်ပွဲများ စတင်ဖြစ်ပွားလာ မှုနှင့်အတူ ရွှေပြည်တန်အမြန်ရေယာဉ်က ခရီးစဉ်များကို ယာယီရပ်နားကြောင်း အသိပေးကြေညာခြင်းဖြစ်သည်။
ရွှေပြည်တန်အမြန်ရေယာဉ်သည် စစ်တွေ -ကျောက်ဖြူ -ရမ်းဗြဲ -ကျောက်နီမော် -တောင်ကုတ် ခရီးစဉ်၊ စစ်တွေ-ရသေ့တောင်-ဘူးသီးတောင်ခရီးစဉ်၊ စစ်တွေ- ပေါက်တော- မင်းပြားခရီးစဉ်နှင့် စစ်တွေ- မြောက်ဦး ခရီးစဉ်များကို ပြေးဆွဲမှု ယာယီရပ်နားမည်ဖြစ်ကြောင်း ကြေညာထားသည်။
“အဲဒါက အတိအကျတော့ မသိသေးဘူး။ ကျွန်တော်တို့ဆီမှာ အမြဲတမ်းစစ်ဆေးနေတဲ့အဖွဲ့တွေက ထွက်ခွင့်မရှိဘူးလို့ အကြောင်းကြားလို့ ရပ်လိုက်တာပါ။ အကုန်လုံး ပိတ်လိုက်တာမဟုတ်ပါဘူး။ စစ်တွေကနေ အထွက်ကိုပဲ ပိတ်လိုက်တာပါ။ ဟိုဘက်က လာနေတဲ့ လမ်းခရီးပေါ်က သင်္ဘောကိုတော့ ဝင်ခွင့်ပေးပါတယ်”ဟု ရွှေပြည်တန် အမြန်ရေယာဉ်မှ တာဝန်ရှိသူတစ်ဦးက NSS ကိုပြောသည်။
အဆိုပါ ခရီးစဉ်များ ပြန်လည်ပြေးဆွဲမည့်ရက်ကို ကြိုတင်အသိပေးကြေညာသွားမည်ဖြစ်ပြီး ဝယ်ယူထားသော လက်မှတ်များကို ငွေပြန်လည်ထုတ်ယူနိုင်ကြောင်း ရွှေယာဉ်တန်အမြန်ရေယာဉ်က ထုတ်ပြန်ထားသည်။
ငွေပြန်လည်မထုတ်ယူလိုပါကလည်း ဝယ်ယူထားသည့် လက်မှတ်များဖြင့် ခရီးစဉ်ပြန်လည်ပြေးဆွဲမည့်ရက်တွင် လိုက်ပါနိုင်ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ကုန်းလမ်းနှင့် ရေကြောင်းများကို ဝင်ခွင့်/ထွက်ခွင့် ပိတ်ထားကြောင်း သိရသည်။
“လက်ရှိတော့ အထွက်ကိုရော၊ အဝင်ကိုရော ပိတ်ထားတယ်။ စစ်တွေမြို့ကနေ အမ်းမြို့ထိ ပိတ်ထားပါတယ်”ဟု စစ်တွေမြို့ခံတစ်ဦးက NSS ကိုပြောသည်။
AA အဖွဲ့သည် ယနေ့(နိုဝင်ဘာလ ၁၃ရက်)၊ နံနက်အစောပိုင်းတွင် ရခိုင်ပြည်နယ်၊ ရသေ့တောင် နှင့် မင်းပြားမြို့နယ်အတွင်းရှိ ရဲကင်းစခန်းများကို စတင်တိုက်ခိုက်လျက်ရှိသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာ-ရုရှား နှစ်နိုင်ငံ ခရီးသွားလုပ်ငန်း တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိကပါဝင်သော working group များ ဖွဲ့စည်းဆောင်ရွက်မည်
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း