ရိခေါ်ဒါရ်မြို့အနီးတွင် တိုက်ပွဲဖြစ်ပွားနေ၍ ဒေသခံထောင်ချီ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ တိမ်းရှောင်
ကျော် (NSS) - နိုဝင်ဘာ ၁၃
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ ရိခေါ်ဒါရ်မြို့အနီးတွင် နစက၏လုံခြုံရေးအဖွဲ့ဝင်များနှင့်ဒေသခံလက်နက်ကိုင်အဖွဲ့များကြားတွင် တိုက်ပွဲများဖြစ်ပွားနေသဖြင့် ဒေသခံထောင်ချီ အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်သို့ တိမ်းရှောင်နေကြကြောင်း သိရသည်။
တိုက်ပွဲသည် နိုဝင်ဘာလ ၁၂ ရက်ညနေပိုင်းမှစတင်ကာဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ချင်းလက်နက်ကိုင်အဖွဲ့ဖြစ်သည့် CNA နှင့် CDF - Hualngoram တို့ပူးပေါင်း၍ လုံခြုံရေးအဖွဲ့ဝင်များရှိနေသည့် ရိခေါ်ဒါရ်မြို့အနီး တောင်ကုန်းအား ပစ်ခတ်တိုက်ခိုက်လျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။
"တိုက်ပွဲက ညထဲကဖြစ်နေတာ လက်နက်ကြီးပစ်သံတွေရော၊ သေနတ်ပစ်သံတွေရောပဲ။ ညဘက်ဖြစ်တဲ့အတွက် ချက်ချင်းတိမ်းရှောင်ဖို့မဖြစ်နိုင်တော့ အန္တရာယ်မဖြစ်အောင် အတတ်နိုင်ဆုံးပုန်းနေရတယ်။ တစ်ချို့ကလည်း ညတွင်းချင်းပြေးသွားကြတာတွေရှိတယ်။ ဒီနေ့မနက် အာရုဏ်တက်လောက်ရောက်တာနဲ့ချက်ချင်း ရိခေါ်ဒါရ်မြို့က လူတွေအများကြီးပဲ မီဇိုရမ်ဘက်ကိုသွားကြတာလည်းရှိတယ်"ဟု ဒေသခံတစ်ဦးက NSS ကိုပြောသည်။
ထိုသို့ တိမ်းရှောင်လျက်ရှိရာမှ မြန်မာစစ်ဘေးရှောင်များရောက်ရှိနေသည့် မီဇိုရမ်ပြည်နယ်ရှိ ဇိုခေါ်သာရ်ကျေးရွာအတွင်းသို့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ရာမှ စစ်ဘေးရှောင်အများအပြား လက်နက်ကြီးကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
"ရိခေါ်ဒါရ်မြို့နဲ့ မီဇိုရမ်ဘက်က ဇိုခေါ်သာရ်ရွာက ချောင်းလေးပဲခြားတယ်။ အခု ဒဏ်ရာရတဲ့လူ ၁၀ ယောက်လောက်ရှိတယ်။ လက်နက်ကြီးကျည်က ဇိုခေါ်သာရ်ရွာထဲကိုကျပြီးပေါက်ကွဲတဲ့အချိန်မှာ လက်နက်ကြီးကျည်စထိတာပါ။ ဘယ်အဖွဲ့က ပစ်လိုက်တဲ့လက်နက်ကြီးလဲဆိုတာတော့ ဘယ်သိမလဲဗျာ။ လတ်တလော တိမ်းရှောင်လာတဲ့လူဦးရေထောင်ချီရှိတယ်။ အတိအကျကတော့ ကျွန်တော်လည်းမသိဘူးဗျ"ဟု ဒေသခံတစ်ဦးက ပြောသည်။
လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် ထိမှန်ဒဏ်ရာများရရှိခဲ့သည့် မြန်မာနိုင်ငံသား စစ်ဘေးရှောင်များအား ဇိုခေါ်သာရ်ကျေးရွာမှ တာဝန်ရှိသူများက ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်၊
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အမေရိကန်စစ်စခန်းတွေကိုတိုက်ခိုက်နေမှု မရပ်ဘူးဆိုရင် ပြန်လည်တိုက်ခိုက်တော့မယ်လို့ အမေရိကန်စစ်ဘက်သတိပေး
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း