ရာထူးနှင့်လုပ်ပိုင်ခွင့်အား မလျော်သြဇာသုံးမှုဖြင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးစိုးထွဋ်ကို စစ်တရားရုံးက ထောင်ဒဏ်(၅)နှစ် ပြစ်ဒဏ်ချမှတ်
မျိုးကြီး (NSS) - နိုဝင်ဘာ ၁၀
ရာထူးနှင့်လုပ်ပိုင်ခွင့်အား မလျော်သြဇာသုံးမှုဖြင့် ပြည်ထဲရေးဝန်ကြီးဟောင်း၊ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးစိုးထွဋ်ကို စစ်တရားရုံးက ထောင်ဒဏ်(၅)နှစ် ပြစ်ဒဏ်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။
ဦးစိုးထွဋ်းအား စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းနှင့်ပတ်သက်၍ နစကမှ ယနေ့(နိုဝင်ဘာလ ၁၀ ရက်) ညပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် Green Channel စနစ်ဖြင့် မြန်မာနိုင်ငံကူးလက်မှတ်ဝန်ဆောင်မှုလုပ်ငန်းလုပ်ကိုင်ရန်အတွက် ကုမ္ပဏီများက ၎င်းအား အကူအညီတောင်းခံမှုရှိခဲ့ကြောင်း သိရသည်။
ထိုသို့အကူအညီတောင်းခံမှုအပေါ် ဦးစိုးထွဋ်သည် ၎င်း၏ ရာထူးနှင့်လုပ်ပိုင်ခွင့်ကို မလျော်သြဇာအသုံးပြု၍ နိုင်ငံကူးလက်မှတ်များ ခွင့်ပြုပေးရန် ညွှန်ကြားခဲ့ခြင်း၊ တံစိုးလက်ဆောင်လက်ခံရယူခဲ့ခြင်းများ ရှိခဲ့သည်ဟု နစကမှ သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာန၏ ဝန်ထမ်းသက်သာချောင်ချိရေးရန်ပုံငွေဆိုင်ရာ ဘဏ္ဍာရေးလုပ် ထုံးလုပ်နည်းနှင့် ညီညွတ်မှုမရှိသော ဆောင်ရွက်မှုများအပေါ် ဦးစိုးထွဋ်အနေဖြင့် ထိန်းသိမ်းကြပ် မတ်ကွပ်ကဲရန် ပျက်ကွက်ခဲ့ကြောင်းလည်း နစကမှ ဆိုသည်။
ထို့ကြောင့် ပြည်ထဲရေးဝန်ကြီးဟောင်း ဦးစိုးထွဋ်ကို သက်ဆိုင်ရာဥပဒေပုဒ်မများဖြင့် စွဲချက်တင် ကာ စစ်တရားရုံးဖြင့် စစ်ဆေးစီရင်ပြီး ထောင်ဒဏ် (၅)နှစ်ချမှတ်ခဲ့သည်ဟု နစကမှ အသိပေးထုတ်ပြန်ထားသည်။
အလားတူ အဆိုပါအမှုများတွင် ပါဝင်ပတ်သက်ခဲ့သူများကိုလည်း နယ်ဘက်တရားရုံးတွင်လည်း ကောင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများကို ရဲစည်းကမ်းဖြင့်လည်းကောင်း ဆက်လက်အ ရေးယူဆောင်ရွက်နေကြောင်းလည်း နစကမှ ထပ်မံအသိပေးထားသည်။
လက်ရှိနစကအစိုးရလက်ထက်၌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ လူယုံဟု လူသိများသော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမိုးမြင့်ထွန်းကို နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ထားသည်။
ထို့ပြင် ဦးမိုးမြင့်ထွန်းနှင့်အတူ ကုန်သွယ်မှုနှင့်ကုန်စည်စီးဆင်းမှုများမှန်ကန်မြန်ဆန်ရေးဗဟိုကော်မတီ၏ တွဲဖက်အတွင်းရေးမှူးဟောင်းဖြစ်သော ဗိုလ်မှူးချုပ်(ဟောင်း)ရန်နောင်စိုးကိုလည်း နိုင်ငံတော်သစ္စာဖောက်ဖျက်မှုဖြင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရန်ကုန်မြို့၌ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ကာ ကျပ်သိန်းပေါင်းများစွာတန်ဖိုးရှိ လက်ဝတ်ရတနားများကို ဓားပြတိုက်လုယက်မှုဖြစ်ပွား
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း