မြောက်ဦးမြို့၌ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA က ဖမ်းဆီးသွားသော ရဲတပ်ဖွဲ့ဝင် (၆)ဦး ပြန်လည်လွတ်မြောက်လာ
မြူနစ် (NSS) - နိုဝင်ဘာ ၈
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၌ ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA က ဖမ်းဆီးသွားသော ရဲတပ်ဖွဲ့ဝင် (၆)ဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သတင်းရရှိသည်။
ULA/AA ၏ ဖမ်းဆီးခြင်းခံခဲ့ရသော ရဲတပ်ဖွဲ့ဝင် (၆)ဦးသည် ယနေ့(နိုဝင်ဘာလ ၈ ရက်) နေ့လည်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်ကြောင်း မြောက်ဦးမြို့ရှိ လုံခြုံရေးအရာရှိတစ်ဦးက NSS ကို ပြောသည်။
“ဒီနေ့ ၁၂ နာရီခွဲလောက်မှာ ပြန်ခေါ်လာခဲ့ပြီ။ ပြန်လွှတ်ပေးတဲ့ သဘောပေါ့။ သူတို့နေတဲ့ ကုန်းအောက်မှာ သွားခေါ်ရတာပေါ့။ စုစုပေါင်း ၆ ဦးပေါ့။ အကုန်လုံး ရဲတပ်ဖွဲ့ဝင်တွေပါပဲ။ ကားရော၊ ဆိုင်ကယ်ရော၊ လက်နက်တွေရော အကုန်လုံးကို ပြန်ပေးပါတယ်”ဟု မြောက်ဦးမြို့ရှိ လုံခြုံရေးအရာရှိက ပြောသည်။
ရဲတပ်ဖွဲ့ဝင်(၆)ဦးသည် ယမန်နေ့(နိုဝင်ဘာလ ၇ ရက်) နေ့လည်ပိုင်းအချိန်တွင် မြောက်ဦးမြို့အထွက်ရှိ စက်သုံးဆီဆိုင်၌ ဆီဝယ်နေစဉ်အချိန်တွင် ULA/AA အဖွဲ့ဝင်များက ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် ကြောင်း သိရသည်။
ထိုသို့ ULA/AA က ရဲတပ်ဖွဲ့ဝင် (၆)ဦးအား ဖမ်းဆီးသွားပြီးနောက်ပိုင်းတွင် နှစ်ဖက်သက်ဆိုင်ရာတာဝန်ရှိသူများအကြား ညှိနှိုင်းစကားပြောဆိုမှုများရှိခဲ့ကြောင်း သိရသည်။
“နှစ်ဦးနှစ်ဖက် စကားတော့ ပြောရတာပေါ့။ စကားပြောဆိုပြီးမှပဲ အခုလိုအဆင်ပြေသွားတာပေါ့” ဟု မြောက်ဦးမြို့ရှိ လုံခြုံရေးအရာရှိက ပြောသည်။
ရခိုင်ပြည်နယ်၌ ၂၀၂၂ ခုနှစ် သြဂုတ်လအတွင်း တပ်မတော် နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ ULA/AA တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ယင်းကဲ့သို့ တိုက်ပွဲဖြစ်ပွားပြီးနောက် (၄)လခန့်အကြာတွင် ဂျပန်နိုင်ငံ၊ နီပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌမစ္စတာဆာဆာကာဝါ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် နှစ်ဖက်အကြား၌ လူသားချင်းစာနာမှုဆိုင်ရာအလွတ်သဘော အပစ်အခတ်ရပ်စဲနိုင်ခဲ့သည်။
လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်း၌ တပ်မတော်နှင့် AA လက်နက်ကိုင်အဖွဲ့တို့အကြား တစ်ကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမည်ကို ဒေသခံများက စိုးရိမ်ပူပန်မှုများရှိနေကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
စမွတ်ပရာကန်ခရိုင်တွင် ကိုယ်ဝန်(၇)လရှိ မြန်မာနိုင်ငံသူကားတိုက်ခံရ ညာဘက်ခြေထောက်ဖြတ်ရနိုင်ချေရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း