ကျောက်မဲမြို့နယ်၌ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် နောင်ပိန်ရှိနေရာ (၂)ခုတွင် တိုက်ပွဲရှောင်ပြည်သူ (၄၀၀)ကျော်ခိုလှုံနေရ
ကျော် (NSS) - နိုဝင်ဘာ ၃
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၌ အောက်တိုဘာလ ၂၅ ရက်မှစတင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် လက်နက်ကိုင်အဖွဲ့များကြား ထိတွေ့တိုက်ပွဲများဖြစ်ပေါ်လျက်ရှိသဖြင့် ဒေသခံပြည်သူများမှ စစ်ဘေးနှင့်လွတ်ကင်းသည့် နောင်ပိန်သို့တိမ်းရှောင်ရောက်ရှိနေကြောင်း သိရသည်။
ထိုသို့ တိမ်းရှောင်ရောက်ရှိလာသည့် တိုက်ပွဲရှောင်ပြည်သူများအား နောင်ပိန်အခြေစိုက်လူမှုကူညီရေးအသင်းများ နှင့် အလှူရှင်များက ကူညီစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိရာလက်ရှိအချိန်အထိ တိုက်ပွဲရှောင်ပြည်သူ ၄၀၀ ကျော်ခိုလှုံရောက်ရှိနေကြောင်း သိရသည်။
"နောင်ပိန်က အောင်ဓမ္မာရုံ၊ ရှမ်းစာပေနှင့်ယဥ်ကျေးမှုကျောင်း(နောင်ပိန်) အဲဒီ ၂ နေရာမှာ စစ်ဘေးရှောင် ၄၀၀ ကျော်ရောက်ရှိခိုလှုံနေပါတယ်။ ထပ်ရောက်လာဖို့လည်း ရှိနိုင်တယ်။ အများစုက ပန်မလွတ်ကျေးရွာ၊ ခဲလုံကျေးရွာ၊ နောင်ပစ်ကျေးရွာတွေကဒေသခံတွေများတယ်။ တခြားရွာတွေကလည်းလာပြီး ခိုလှုံနေကြတာတွေရှိတယ်"ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။
ထိတွေ့တိုက်ပွဲများစတင်ဖြစ်ပွားသည့်အချိန်မှစ၍ ကျေးရွာများအတွင်းပိတ်မိနေသည့် ဒေသခံများအား နောင်ပိန်အခြေစိုက် ကမ်းလင့်လက်များလူမှုကူညီရေးအသင်းမှ တိုက်ပွဲနှင့်လွတ်ကင်းသည့် နောင်ပိန်သို့ရွှေ့ပြောင်းပေးမှုများပြုလုပ်ပေးခဲ့ကြကြောင်း သိရသည်။
"လတ်တလော စစ်ဘေးရှောင်တွေ စားသောက်ရေးအတွက်ကို ကမ်းလင့်လက်များလူမှုကူညီရေးအသင်းက အနီးကပ်တာဝန်ယူပြီးဆောင်ရွက်ပေးနေတယ်။ အလှူရှင်တွေကလည်း လာပြီးလှူဒါန်းကြတာတွေရှိပါတယ်"ဟု စစ်ဘေးရှောင်များအား ကူညီပေးနေသူတစ်ဦးက ပြောသည်။
ထို့ပြင် ယမန်နေ့ (နိုဝင်ဘာလ ၂ ရက်)ကလည်း နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ (IRC)မှ စစ်ဘေးရှောင်များအတွက် အခြေခံပစ္စည်း ၆ မျိုးဖြစ်သည့် ခြင်ထောင်၊ စောင်၊ဓာတ်မီးအကြီး၊ ပိုက်ဖျာ၊ ရေပုံး၊ သောက်ရေပုံးတို့အား ပေးပို့လှူဒါန်းရာ စစ်ဘေးရှောင်မိသားစုဝင်များကို ကျေးရွာတာဝန်ရှိသူများနှင့်ကမ်းလင့်လက်များလူမှုကူညီရေးအသင်း (နောင်ပိန်)တို့မှ လွှဲပြောင်းလှူဒါန်းပေးခဲ့ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
မြန်မာအရေးနှင့် ကမ္ဘာတစ်ဝန်းက ၂၄ နာရီအတွင်းသတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း