ပိုက်ဆံအိတ်လုသွားသူများအား ဆိုင်ကယ်ဖြင့်လိုက်ရင်း အရှိန်လွန်ကာ ကားကိုဝင်တိုက်ပြီး အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာများရရှိ
Pearl (NP News) - ဖေဖော်ဝါရီ ၂၇
ပြင်ဦးလွင်မြို့တွင် ပိုက်ဆံအိတ်လုသွားသူများအားလိုက်ရင်း ဆိုင်ကယ်အရှိန်လွန်ကာ ကားကို ဝင်တိုက်ပြီး အမျိုးသမီး (၂)ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ ဖေဖော်ဝါရီလ (၂၆)ရက်၊ ညနေ (၄)နာရီအချိန်ခန့်တွင် ပြင်ဦးလွင်မြို့၊ သစ်တောလမ်း၊ တရုတ် ဘုံကျောင်းအနီးတွင် ဖြစ်ပွားခဲ့ကြောင်း သန္တိသုခအခမဲ့လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသမီး(၂)ဦးထံမှ နောက်မှ ဆိုင်ကယ်မောင်းကာလိုက်ပါလာသည့် အမျိုးသား(၂)ဦးက ပိုက်ဆံအိတ်လုယက်သွားခဲ့ကြောင်း သိရသည်။
"ညနေ(၄)နာရီဝန်းကျင်လောက်ကဖြစ်သွားတာပါ။ ဆိုင်ကယ်မောင်းလာတဲ့ အမျိုးသမီး (၂)ယောက်ဆီက နောက်က ပါလာတဲ့ ဆိုင်ကယ်ပေါ်ကနေ ပိုက်ဆံအိတ်လုသွားတာ၊ အဲဒီလုသွားတဲ့ဆိုင်ကယ်ကို လိုက်ရင်းနဲ့ တစ်ဖက်က မောင်းလာတဲ့ Light Truck ကို အရှိန်လွန်ပြီး ဝင်တိုက်တာပါ" ဟု သန္တိသုခအခမဲ့လူမှုကူညီရေးအသင်း၏ တာဝန်ရှိသူတစ်ဦးက NP News ကို အတည်ပြုပြောဆိုထားသည်။
ယာဉ်တိုက်မှုကြောင့် အမျိုးသမီး(၂)ဦးလုံးတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး (၁)ဦးမှာ ဦးခေါင်းနှင့် ပေါင်တို့တွင် ပြင်းထန်ဒဏ်ရာရရှိခဲ့ခြင်းကြောင့် အရေးပေါ်ကုသမှုခံယူနိုင်ရန် လူမှုကူညီရေးအသင်းမှ ပြင်ဦးလွင်ဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အမျိုးသမီး(၂)ဦးသည် အသက်(၃ဝ)နှစ်အရွယ်ဝန်းကျင်များဖြစ်ကြပြီး ပြင်ဦးလွင်မြို့တွင် နေထိုင်သူများဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ကရင်ပြည်နယ်အတွင်း တရားမဝင်ရာဇဝတ်မှုလုပ်ငန်းများနှင့်ဆက်နွယ်သော လောင်းကစားလုပ်ငန်းများ ပပျောက်ရေးကို လိုလားကြောင်း KNU ပြော
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း