ယူကရိန်းသို့ ငွေကြေးထောက်ပံ့မှုများကို လျှော့ချရန် အမေရိကန်အစိုးရ အဆိုပြု
Pika (NSS) - အောက်တိုဘာ ၂၂
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က လွှတ်တော်ကိုတောင်းခံခဲ့သော ရန်ပုံငွေ အမေရိကန်ဒေါ်လာ(၁ဝ၅)ဘီလျံတွင် ယူကရိန်းအစိုးရသို့ လစဉ်ထောက်ပံ့ကြေးများကို အမေရိကန်ဒေါ်လာ(၈၂၅)သန်းသို့ လျှော့ချသွားနိုင်ကြောင်း အောက်တိုဘာလ(၂ဝ)ရက်က ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သိရသည်။
အဆိုပါ ရန်ပုံငွေတောင်းခံမှုသည် အမေရိကန်လွှတ်တော်ရှိ နှစ်ဖက်ပါတီဝင်များ၏ ထောက်ခံမှုကိုရယူနိုင်ရန် ရည်ရွယ်ထားကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။
ယူကရိန်းသို့ ထောက်ပံ့ပေးမည့်အကူအညီများသည် အမေရိကန်ဒေါ်လာ(၆၁ ဒသမ ၄) ဘီလျံရှိပြီး အစ္စရေးအတွက် အကူအညီ အမေရိကန်ဒေါ်လာ(၁ဝ ဒသမ ၆) ဘီလျံရှိကြောင်း အိမ်ဖြူတော်၏ စီမံခန့်ခွဲမှုနှင့် ဘတ်ဂျက်ရုံး (OMB) မှ အောက်လွှတ်တော်ယာယီဥက္ကဋ္ဌ Patrick McHenry ထံ ပေးပို့ခဲ့သော အဆိုပြုချက်စာထဲတွင် ဖော်ပြထားသည်။
ထို့အပြင် အမေရိကန်သည် ယူကရိန်းသို့ စီးပွားရေးအကူအညီ ရန်ပုံငွေ ပရိုဂရမ်၏ တစ်စိတ်တစ်ပိုင်းအဖြစ် လစဉ် အမေရိကန်ဒေါ်လာ(၁ ဒသမ ၁) ဘီလျံ ပေးပို့ခဲ့ပြီး အဆိုပါရန်ပုံငွေဖြင့် ယူကရိန်းရှိ အစိုးရဝန်ထမ်းများကို လစာပေးစေခြင်းမျိုးဖြစ်ကြောင်း စာတမ်းထဲတွင် ဖော်ပြထားသည်။
OMB ၏ စာတမ်းထဲတွင် "ဒီအဆိုပြုချက်ဟာ ယူကရိန်းသို့ လစဉ်တိုက်ရိုက်ထောက်ပံ့မှု အမေရိကန်ဒေါ်လာ (၁ ဒသမ ၁) ဘီလျံကနေ အမေရိကန်ဒေါ်လာ (၈၂၅)သန်းထိ လျှော့ချသွားစေမှာပါ၊၊ စုစုပေါင်း တစ်နှစ်တာ ထောက်ပံ့ ကြေးငွေက အမေရိကန်ဒေါ်လာ(၁၁ ဒသမ ၇၇၅) ဘီလျံဖြစ်သွားမှာပါ" ဟု ရေးသားထားသည်။
OMB အဆိုပြုချက်စာတမ်းထဲတွင် စစ်ရေးအကူအညီအတွက် အမေရိကန်ဒေါ်လာသန်း(၁ဝဝ) မှ အမေရိကန် ဒေါ်လာ (၇)ဘီလျံထိ ပြောင်းလဲခြင်းများ နှင့် ယူကရိန်းအတွက် ချေးငွေကို အမေရိကန်ဒေါ်လာ(၄)ဘီလျံမှ (၈)ဘီလျံထိ နှစ်ဆတိုးခြင်းများ ပါဝင်ကြောင်း သိရသည်။
ယူကရိန်း၏ ရှေ့တန်းစစ်မြေပြင်လိုအပ်ချက်များကို ဖြည့်ဆည်းရန် နှင့် ယူကရိန်းပြည်သူများကို ကာကွယ်ရန် အတွက် အမေရိကန်လွှတ်တော်၏ လုပ်ဆောင်မှုများ လိုအပ်ကြောင်း အမေရိကန်အစိုးရအမျိုးသားလုံခြုံရေးအကြံပေးဂျိတ်ဆူလီဗန်က ပြောကြားခဲ့သည်။
ထို့အပြင် အမေရိကန်လွှတ်တော်က ယူကရိန်းအတွက် ယခင်ကအတည်ပြုခဲ့သော ရန်ပုံငွေမှာ ကုန်လုနီးပါး ဖြစ်နေ ပြီဖြစ်ကြောင်း ၎င်းက ထပ်မံပြောခဲ့သည်။ အမေရိကန်အောက်လွှတ်တော်ကိုယ်စားလှယ်များသည် အောက်လွှတ်တော်ဥက္ကဋ္ဌ ကီဗင်မက်ကာသီကို အယုံအကြည်မရှိ အဆိုတင်သွင်းကာ ဖြုတ်ချခဲ့သည့် အောက်တိုဘာလ(၃)ရက်မှ စတင်ပြီး အောက်လွှတ်တော်တွင် ခေါင်းဆောင်မရှိဖြစ်နေသည်မှာ သီတင်းပတ် နှစ်ပတ်ကျော်ကြာပြီဖြစ်ကြောင်း သိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ပူတာအိုမြို့နယ်ရှိ ဧက(၂၀၀၀)ခန့် ကျယ်ဝန်းသော နယ်မြေကို “ဂျူးဇီ ကြိုးပြင်ကာကွယ်တော” အဖြစ် သတ်မှတ်
RELATED POSTS
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,နိုင်ငံတကာ
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း
25 Nov 2024 | နိုင်ငံရေး,ပြည်တွင်း