မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ခရီးသည်တင်ကားတစ်စီး ပေ(၅၀)ခန့်နက်သော ချောက်ထဲသို့ ထိုးကျတိမ်းမှောက်ခဲ့ရာ လူ(၁၁)ဦး ထိခိုက်ဒဏ်ရာရ
သန့်ဇင် (NSS) - အောက်တိုဘာ ၂၂
မန္တလေး-ပြင်ဦးလွင်ကားလမ်းတွင် ခရီးသည်တင်အန်စာတုံးကားတစ်စီး လမ်းဘေးချောက်နက်ထဲသို့ ထိုးကျတိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါခရီးသည် (၁၁)ဦးထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိသည်။
ယာဉ်တိမ်းမှောက်မှုသည် ယနေ့(အောက်တိုဘာလ ၂၂ ရက်)၊ နံနက် ၂နာရီအချိန်တွင် မန္တလေး-ပြင်ဦးလွင်လမ်း ၁၈/၁ မိုင်တွင်ဖြစ်ပွားခဲ့ကြောင်း စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)ထံမှ သိရသည်။
“ကားက ပခုက္ကူ-မန္တလေး-ပြင်ဦးလွင်ကို ပြေးဆွဲတဲ့ကားပါ။ ပြင်ဦးလွင်က ဆင်းလာတဲ့ အဆင်းကားပေါ့။ ကားက ဘရိတ်ပေါက်ပြီး ချောက်ထဲကျတာပေါ့နော်”ဟု စေတနာရှင်လူမှုကူညီရေးအသင်း(အုန်းချော)မှ တာဝန်ရှိသူတစ်ဦးက NSS ကို ပြောသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ကားပေါ်တွင်ပါလာသည် လူ(၁၁)ဦးအနက် (၁၀)နှစ်အရွယ်အမျိုးသမီးငယ်တစ်ဦးသည် မျက်နှာနှင့် ဦးခေါင်းတို့တွင် စိုးရိမ်ဖွယ်ရာဒဏ်ရာများရရှိခဲ့ကာ ကျန်(၁၀)ဦးမှာလည်း ထိခိုက်ဒဏ်ရာများအသီးသီးရရှိခဲ့ကြောင်း သိရသည်။
“ယာဉ်မောင်းရယ် ယာဉ်နောက်လိုက်ကတော့ ပွန်းပဲ့ဒဏ်ရာလောက်ပဲရတာပါ။ ကျန်တဲ့ ခရီးသည်တွေကတော့ ဒဏ်ရာတွေများတယ်ပေါ့။ ခုက ပေ(၅၀)လောက်နက်တဲ့ချောက်ထဲပြုတ်ကျတာ။ အရင်ကလဲအဲဒီနေရာမှာက ခဏခဏဖြစ်ဖူးတဲ့နေရာပေါ့”ဟု ၎င်းကဆက် လက်ပြောသည်။
ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အတွင်း ထိခိုက်ဒဏ်ရာရရှိသူများအား စေတနာမွန်လူမှုကူညီရေးအသင်း(အုန်းချော)မှ မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။
၎င်းယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့သည့် မိုင်တိုင်အမှတ် ၁၈ နှင့် ၁၉ ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်များ မကြာခဏဆိုသကဲ့သို့ ဖြစ်ပွားလျက်ရှိနေသည့်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် လိုအပ်သည်ပြုပြင်မှုများလုပ်ဆောင်ပေးရန် ဒေသခံများက အကြံပြုပြောကြားထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
လာမည့် သီတင်းကျွတ်လပြည့်နေ့မှစ၍ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးပြည်သူလာရောက်မှု ပြန်လည်များပြားလာနိုင်ဟုဆို
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း