ဂါဇာဒေသရှိဆေးရုံတိုက်ခိုက်ခံရမှုကို အစ္စရေးတို့လုပ်ဆောင်ခဲ့ခြင်းမရှိကြောင်း အမေရိကန်သမ္မတပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၉
အောက်တိုဘာလ ၁၇ ရက်က ဖြစ်ပွားခဲ့သော ဂါဇာဒေသရှိဆေးရုံ ဗုံးကြဲခံရမှုနှင့်ပတ်သက်ပြီး ကမ္ဘာ့နိုင်ငံများက အစ္စရေးနိုင်ငံကို ဝေဖန်ပြစ်တင်နေခဲ့သော်လည်း အမေရိကန်သမ္မတက ပါလက်စတိုင်းလက်နက် ကိုင်အဖွဲ့ကို ပြစ်တင်ခဲ့ကြောင်းသိရသည်။
အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က "ကျွန်တော်တို့ ကာကွယ်ရေးဝန်ကြီးဌာနက ရရှိတဲ့အချက်လက်တွေအရဆိုရင် အဲဒီဆေးရုံကို အစ္စရေးတို့တိုက်ခိုက်ခဲ့တာမဟုတ်ဘူး"ဟု ပြောသည်။
အစ္စရေးစစ်တပ်ကိုယ်တိုင်လည်း ဂါဇာဒေသက ဆေးရုံကို တိုက်ခိုက်ခဲ့ခြင်းမျိုးမရှိကြောင်း၊ ပါလက်စတိုင်းစစ်သွေးကြွအုပ်စုက တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တုံ့ပြန်ထားသည်။ အမေရိကန်သမ္မတသည် အောက်တိုဘာလ ၁၈ ရက်တွင် အစ္စရေးနိုင်ငံကိုရောက်ရှိလာခဲ့ပြီးနောက် အစ္စရေး ဝန်ကြီးချုပ် နေတန်ရာဟုနှင့်ဆွေးနွေးခဲ့ကြောင်းသိရသည်။
အမေရိကန်သမ္မတက "အစ္စရေးနိုင်ငံကို ကျွန်တော်လာတဲ့အဓိကရည်ရွယ်ချက်နဲ့ ပေးချင်တဲ့မက်ဆေ့ကတော့ အစ္စရေးတစ်နိုင်ငံတည်းမဟုတ်ဘူးဆိုတာကို သိစေချင်တာပါ။ အမေရိကန်နိုင်ငံဟာ အစ္စရေးနိုင်ငံနဲ့အတူ အမြဲတမ်းရပ်တည်သွားမယ်။ အစ္စရေးကို တစ်နိုင်ငံတည်း အထီးကျန်တာမျိုး ခွင့်မပြုဘူး" ဟုပြောသည်။
"ဟားမက်စ်အဖွဲ့ဟာ ပါလက်စတိုင်း ပြည်သူတွေကို ကိုယ်စားပြုတာမျိုးမဟုတ်ဘူး၊ ဂါဇာဒေသရှိ ပြည်သူတွေဟာ အစားအစာ၊ ရေ နဲ့ ဆေးဝါးတွေလိုအပ်နေတယ်။ အစ္စရေးနိုင်ငံဟာ ပါလက်စတိုင်းပြည်သူတွေကို လူသားချင်းဆိုင်ရာစာနာမှုအကူအညီတွေပေးဖို့ ခွင့်ပြုပေးရမယ်"ဟု ၎င်းကပြောသည်။
ဂါဇာဒေသရှိ ဆေးရုံတိုက်ခိုက်ခံရမှုကြောင့်အနည်းဆုံးလူပေါင်း ၅၀၀ ကျော်သေဆုံးခဲ့ရပြီး ဆော်ဒီအာရေဗျ၊ ရုရှားအပါအဝင် ကမ္ဘာ့နိုင်ငံများက အစ္စရေးကိုဝေဖန်ပြစ်တင်ခဲ့ကြောင်းသိရသည်။ ဟားမက်စ်နှင့်စစ်ပွဲဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အစ္စရေးသည် ဂါဇာဒေသကို ရေဖြတ်၊ မီးဖြတ်၊ အစားအစာ နှင့် လောင်စာဆီ၊ဆေးဝါးများ ဖြတ်တောက်ကာ ဝန်းရံပိတ်ဆို့ထားကြောင်းသိရသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရပ်တန့်နေသည့်လုပ်ငန်းများအားလွှဲပြောင်းရာတွင် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို အောင်မြင်စွာဖော်ဆောင်နိုင်သူများကိုသာ ဆောင်ရွက်ခွင့်ပေးရန် နစကဥက္ကဋ္ဌ တိုက်တွန်း
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း