ဘင်္ဂလားဒေရှ့်နိုင်ငံ နှင့် လေကြောင်းတိုက်ရိုက်ပျံသန်းရန် စိတ်ဝင်စားနေဟု မြန်မာသံအမတ်ကြီး ပြော
ဂျန်ဇက် (NSS) - အောက်တိုဘာ ၁၇
မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံ နှင့် လေကြောင်းတိုက်ရိုက်ပျံသန်းပြေးဆွဲရန် စိတ်ဝင်စားနေကြောင်း ဘင်္ဂလားဒေရှ့်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ဘင်္ဂလားဒေရှ့်ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (FBCCI) ဥက္ကဋ္ဌ Mahbubul Alam နှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း ထုတ်ဖော်ပြောဆိုခဲ့ကြောင်း ဘင်္ဂလားဒေရှ့်အခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။
မြန်မာသံအမတ်ကြီး ဦးအောင်ကျော်မိုးက မြန်မာနိုင်ငံအနေဖြင့် ဘင်္ဂလားဒေရှ့်နိုင်ငံနှင့် အပြန်အလှန်ကုန်သွယ်မှု များ တိုးတက်စေရန် စိတ်ဝင်စားကြောင်း၊ ဘင်္ဂါလီပြဿနာကိုဖြေရှင်းနိုင်ရန် ဘင်္ဂလားဒေရှ့်အစိုးရ နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ပြောသည်။
FBCCI အသင်းချုပ်ဥက္ကဋ္ဌက မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံကြားကုန်သွယ်မှုများကို ယခင်က စစ်တကောင်း မြို့မှတဆင့် ရန်ကုန်မြို့သို့ ရေလမ်းခရီးဖြင့်လုပ်ဆောင်ခဲ့ရပြီး၊ အကြောင်းအမျိုးမျိုးကြောင့် နှစ်နိုင်ငံကြား အပြန်အလှန်ကုန်သွယ်မှုများ ကျဆင်းခဲ့ရကြောင်း ပြောသည်။
မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေရှ့်နိုင်ငံကြား လက်ရှိရှိနေသည့်အခက်အခဲများကို ဖြေရှင်းခြင်းသည် နှစ်နိုင်ငံကြား ကူးသန်းရောင်းဝယ်ရေးကိစ္စများကို အကျိုးကျေးဇူးများစေမည်ဖြစ်ကြောင်း FBCCI အသင်းချုပ်ဥက္ကဋ္ဌ က ပြောသည်။
ထို့အပြင် ၎င်းက မြန်မာနိုင်ငံသည် ဘင်္ဂလားဒေရှ့်နိုင်ငံမှထုတ်ကုန်များကို တင်သွင်းနိုင်သလို ဘင်္ဂလားဒေရှ့်နိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံမှထွက်ရှိသော ဆန်၊ ကြက်သွန် အပါအဝင် အခြားထုတ်ကုန်ပစ္စည်းများကို တင်သွင်းနိုင်ကြောင်း ပြောသည်။ မြန်မာနိုင်ငံသည် ဘင်္ဂလားဒေရှ့်နိုင်ငံ၏ စွမ်းအင်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သလို ဘင်္ဂလားဒေရှ့်အထူးစီးပွားရေးဇုန်အတွင်းမှာ မြန်မာစီးပွားရေးလုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံနိုင်ကြောင်း ၎င်းက ပြောသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
အစ္စရေး - ပါလက်စတိုင်း နောက်ဆုံးရသတင်း updated (Oct-17 / 7:00 PM)
RELATED POSTS
20 Nov 2024 | ခရီးသွား,နိုင်ငံတကာ
14 Nov 2024 | ခရီးသွား,ပြည်တွင်း
12 Nov 2024 | ခရီးသွား,ပြည်တွင်း