မြင်းခြံမြို့နယ်၌ ပြည်သူ (၂)ဦးကို PDF အဖွဲ့မှ “ဒလန်”ဟုဆိုကာ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်
NSS - အောက်တိုဘာ ၁၆
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို PDF အဖွဲ့မှ “ဒလန်”ဟုဆိုကာ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ဖြစ်စဉ်မှာ ပြီးခဲ့သော အောက်တိုဘာလ ၁၃ ရက်၊ နံနက် ၉နာရီခွဲအချိန်တွင် မြင်းခြံမြို့နယ်၊ ကျောင်းကုန်းကျေးရွာတွင် အထက်ပါကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ဒေါ်လှလှဟန်သည် ၎င်း၏နေအိမ်၌ တစ်ရွာတည်းနေ ဦးမောင်မောင်မြင့်နှင့်အတူ စကားပြောနေစဉ် PDF အဖွဲ့အင်အား (၆)ဦးက ဆိုင်ကယ် (၃)စီးဖြင့်ရောက်ရှိလာကာ “ဒလန်တွေအရှင်မထားဘူး” ဟုပြောဆို၍ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှုကြောင့် ဦးမောင်မောင်မြင့်(၄၀)နှစ်တွင် ဦးခေါင်းယာဘက်ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်၊ လည်ပင်းကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်နှင့် ဝမ်းဗိုက်ဝဲဘက်ကျည်ဖောက်ဝင်ဒဏ်ရာတစ်ချက်ရရှိခဲ့ပြီး ဒေါ်လှလှဟန်(၄၈)နှစ်၌ နဖူးယာဘက် ကျည်ဖောက်ဝင် ဒဏ်ရာတစ်ချက်တို့ရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
အလားတူ အောက်တိုဘာလ ၁၄ ရက်၊ နံနက် ၈နာရီ ၄၅မိနစ်အချိန်တွင် သာစည်မြို့နယ်၊ သန်းတောကျေးရွာရှိ ရာအိမ်မှူးတစ်ဦးအား PDF အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့မှ ဆက်လက်ထုတ်ပြန်ထားသည်။
အဆိုပါကျေးရွာတွင်နေထိုင်သည့် ကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးကျောက်ခဲသည် ၎င်း၏ နေအိမ်၌ရှိနေစဉ် PDF အဖွဲ့မှရောက်ရှိလာပြီး သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခံရမှုကြောင့် ဦးကျောက်ခဲ(၅၈)နှစ်တွင် ဦးခေါင်းနှင့် နောက်ကျောဘက် ကျည်ဖောက်ဝင် ဒဏ်ရာများရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားခဲ့ကြောင်း သိရသည်။
ထို့နောက် အကြောင်းမဲ့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ရေးမြို့၌ အမျိုးသား(၁)ဦး ဓားထိုးခံရ၍ ထိုးသွင်းဒဏ်ရာ (၆)ချက်ထက်မနည်းရရှိ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း