ကြည့်မြင်တိုင်ညဈေး၌ ဖွင့်လှစ်ရောင်းချသော ရွှေဆိုင်ပိုင်ရှင်ကို လူတစ်စုက ကားဖြင့် ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်ပြီးနောက် အလောင်းစွန့်ပစ်မှုဖြစ်ပွား
မြူနစ် (NSS) - အောက်တိုဘာ ၉
ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ညဈေး၌ ဖွင့်လှစ်ရောင်းချသည့် ရွှေဆိုင်ပိုင်ရှင်ကို လူတစ်စုက ကားဖြင့် ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ်ပြီးနောက် အလောင်းစွန့်ပစ်မှုဖြစ်ပွားခဲ့ကြောင်း အခင်းဖြစ်စဉ်အား သိရှိသည့် သတင်း အရင်းအမြစ်တစ်ဦးက NP News ကို ပြောသည်။
ညဈေး၌ ဖွင့်လှစ်ရောင်းချနေသည့် “ဇမ္ဗူရာဇ်” ရွှေဆိုင်မှ ပိုင်ရှင်ဖြစ်သူ ဦးမင်းဇော်ဦးကို ယမန်နေ့(အောက်တိုဘာ ၈ ရက်) ည ၇ နာရီဝန်းကျင်အချိန်တွင် လူတစ်စုက ကားဖြင့် လာရောက်ကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ် ကြောင်း သိရသည်။
ဦးမင်းဇော်ဦးသည် ရွှေဆိုင်အား ပိတ်ပြီးနောက် နေအိမ်သို့ပြန်လာစဉ်အချိန်တွင် လူတစ်စု၏ ဖမ်းဆီးခေါ်ဆောင်သွားခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
“ကြည့်မြင့်တိုင်ဈေးမှာ ရွှေရောင်းပြီးပြန်လာတာ လမ်းထိပ်အရောက်မှာ ကိုမင်းဇော်ဦးကို အတင်းခေါ်သွားပါတယ်။ အဲဒီကားကို ညကတော့လိုက်ရှာတာပဲ အစအန မရခဲ့ဘူး။ ဒီမနက်မှာ ကိုမင်းဇော်ဦးကို နှစ်မိုင်မှာ သတ်ပြီးတော့ ထားခဲ့တာ။ ရွှေပိသာချိန် တစ်ပိသာကျော်နဲ့ ငွေသိန်း ၅ဝ ကျော်၊ နောက်ပြီး အိမ်ဂရမ်၊ ဝိုင်းဂရမ်၊ တိုက်ခန်းဂရမ်နဲ့ ကားသော့တွေကို ပါ သွားတယ်” ဟု အထက်ပါသတင်းအရင်းအမြစ်က ပြောသည်။
ထိုသို့ဖမ်းဆီးခေါ်ဆောင်ခံရပြီးနောက် “ဇမ္ဗူရာဇ်” ရွှေဆိုင်ပိုင်ရှင် ဦးမင်းဇော်ဦး၏ ရုပ်အလောင်းကို ယနေ့ (အောက်တိုဘာ ၉ ရက်) နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေးအမြန်လမ်း နှစ်မိုင်အနီး၌ ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
လက်ရှိတွင် အထက်ပါဖြစ်စဉ်နှင့်ပတ်သက်၍ နစက၏ သတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမျိုး မရှိသေးပေ။
Comments :
0 comments
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ အုတ်ဖိုကန်ကျေးရွာ၊ မင်းဘူး- စလင်းကားလမ်းပေါ်တွင် သစ်ပင်လဲကျမှုဖြစ်ပွား
ယနေ့ အောက်တိုဘာလ ၉ ရက်အတွင်းဖြစ်ပွားခဲ့သော ပြည်တွင်းနှင့် ပြည်ပက ထူးခြားသတင်းများ
RELATED POSTS
22 Nov 2024 | မှုခင်း,ပြည်တွင်း